ယူနိုက်တက်ရဲ့ ဒါဘီပွဲစဉ်မှာ စွမ်းဆောင်ရည်ပိုင်းဟာ တစ်ဝက်သာရရှိခဲ့တယ်လို့ ဆိုလိုက်တဲ့ ရက်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် (၁-၃) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ဖို့ဒ် က သူ့အနေနဲ့ ယူနိုက်တက်နဲ့ ကစားခဲ့ရာမှာ တစ်ဝက်ပဲပြန်ရခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ အဆိုပါပွဲမှာ ရက်ဖို့ဒ် ဟာ မီနစ် (၉၀) မှာ အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ကျော့ယှဉ်ပြိုင်ဖို့ရှိသေးတယ်ဆိုပေမယ့် မန်စီးတီး ကွင်းမှာ သွားကစားရမှာမို့ အခွင့်အရေးတော့ နည်းပါးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ (၂၁) ပွဲကစားထားပြီး (၃၁) မှတ်သာ ရရှိထားကာ အဆင့် (၅) နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမဲ့ တိုက်စစ်မှူး ရက်ဖို့ဒ် ကတော့ အသင်းကို အများကြီး တိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ရက်ဖို့ဒ်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာတော့ ‘ ဘယ်သူမှ တော့ အရှုံးကို မလိုချင်ကြပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ဘောလုံးကစားရာမှာ ရှုံးပွဲတော့ ကြုံတွေ့ရမှာပါ၊ ကျွန်တော် ဒီအတွက် ပြသနာလို့ မစဉ်းစားပါဘူး၊ ကျွန်တော်တို့ အနိုင်ရရှိဖို့အတွက် ဘယ်သူမဆို ပိုပြီး အင်တိုက်အားတိုက်ရှိဖို့လိုအပ်ပါတယ်၊ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ဟာ အသင်းလိုက်ဆိုရင် စွမ်းဆောင်မူဟာ တစ်ဝက်လောက်ပဲလုပ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့ မန်စီးတီး ကိုအနိုင်ယူခဲ့တဲ့ပွဲတုန်းကလိုပဲ ကစားပုံမျိုး ရှာဖွေသွားဖို့ လိုအပ်ပါတယ် ‘ လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်စီးတီး ကို (၂-၁) ဂိုးနဲ့ အဝေးကွင်းအထိ သွားရောက်အနိုင်ရရှိထားတာပဲဖြစ်ပါတယ်။ ရက်ဖို့ဒ် ဟာ အဆိုပါပွဲမှာ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရလာဒ် ကိုတော့ စိတ်ပျက်ခဲ့ရကြောင်း ဆက်လက်ပြောပြခဲ့ပါတယ်။

 

#Rashford #ManUtd #Myanball


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344