အဆန်စီယို အနေနဲ့ ပွဲကစားခွင့် ရလာလိမ့်မယ်လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်တဲ့ ဇီဒန်းက အဆန်စီယိုအနေနဲ့ လိုအပ်လာတဲ့အခါ ပွဲကစားခွင့်ရလာလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ်ဇယားကျပ်နေသော်လည်း အသင်းရဲ့ လူစာရင်းကို အလှည့်အပြောင်းလုပ်ပြီး မကစားနေတာ ဖြစ်ပါတယ်။

“အလှည့်အပြောင်းတွေ လုပ်သွားမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ပွဲတွေ အများကြီးကစားသွားရမှာပါ။ ကျွန်တော်တို့ဟာ အလှည့်အပြောင်းကို နည်းနည်းနောက်ကျမှ လုပ်တာပါ။ ဒါပေမယ့် အားလုံးကတော့ ကျွန်တော့်ရဲ့ အစီအစဉ်တွေမှာ ပါပါတယ်။ ကျွန်တော်တို့ အခုထိတော့ အများကြီး အပြောင်းအလဲ မလုပ်ရသေးပေမယ့် အခုအချိန်ကတော့ ဒီလိုပါပဲ” လို့ ဇီဒန်းက ပြောသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆန်စီယိုကို အီဘာနဲ့ ပွဲမှာ ဒုတိယပိုင်းမှ လူစားလဲမှု လုပ်ခဲ့ပေမယ့် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

“ သူဘာမှ မလွဲချော်သွားပါဘူး။ သူ အလုပ်ကို ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ သူအဆင်ပြေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ (၃) ရက် (၁) ပွဲကစားရတဲ့အခါ ကျွန်တော်တို့ ဆုံးဖြတ်ရတာတွေ ရှိပါတယ်။ မာကိုလည်း အခြားသူတွေလို ပွဲကစားချိန်ပိုရချင်နေတာပါ။ ကျွန်တော်တို့ကလည်း အသင်းလိုက်ကစားပုံကောင်းဖို့ကို အဓိက ဦးစားပေးလုပ်ဆောင်နေတယ်” လို့ ဇီဒန်းက ထပ်မံပြောသွားခဲ့ပါတယ်။




