ဘာစီလိုနာမှာစာချုပ်သက်တမ်းကုန်အထိဆက်နေဖို့ဆုံးဖြတ်လိုက်တဲ့မက်ဆီအနေနဲ့ရရှိနိုင်တဲ့စံချိန်သစ်(၄)ခု


နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကထွက်ဖို့ တောင်းဆိုလိုက်တာကြောင့် အားလုံးအံအားသင့်ခဲ့ရတဲ့ မက်ဆီဟာ နောက်ဆုံးမှာတော့ အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စာချုပ် သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပေမယ့် မက်ဆီအနေနဲ့ ဒီတစ်ရာသီမှာ ဘာစီလိုနာနဲ့ အတူရရှိနိုင်တဲ့ စံချိန် မှတ်တမ်း ၄ ခုအထိ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ မက်ဆီအတွက် စံချိန်မှတ်တမ်းတွေဟာ အမြဲလိုလိုရရှိနေတဲ့ အရာတွေဖြစ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ရရှိနိုင်တဲ့ စံချိန်သစ်တွေက သူကို နောက်ထပ်အဆင့်တစ်ခုဆီကို ရောက်အောင်ကူညီပေးနိုင်မယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Sport က မက်ဆီအနေနဲ့ ဘာစီလိုနာမှာ တစ်နှစ်အတွင်းချိုးဖျက်နိုင်မယ့် စံ ချိန် ၄ ခုကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းသမိုင်းမှာ ပွဲအများဆုံးကစားထားတဲ့သူကတော့ ကွင်းလယ်ကစားသမားဟောင်း ဇာဗီ ပဲဖြစ်ပါတယ်။ ပွဲပေါင်း ၇၆၇ ပွဲနဲ့ အများဆုံးဖြစ်နေတဲ့ ဇာဗီရဲ့စံချိန်ကို ပွဲပေါင်း၇၃၁ ပွဲ ကစားထားတဲ့ မက်ဆီက ကျော်ဖြတ်နိုင်ဖို့အတွက် ၄၇ ပွဲလိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်း ထားသူမှာ ဆန်းတို့စ်တိုက်စစ်မှူး ပီလီက ၆၄၃ ဂိုးသွင်းထားတာကြောင့် ဘာစီလိုနာအတွက် ၆၃၄ ဂိုးသွင်းထားတဲ့ မက်ဆီ က ကျော်ဖြတ်နိုင်ဖို့ ၁၀ ဂိုးပဲ လိုအပ်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ ဘောလုံးရာသီအများဆုံးကစားထားတဲ့ ကစားသမားတွေက ချာလက်စ်ရီတက်ချ်နဲ့ ဇာဗီ တို့ဖြစ်ပြီး နှစ်ယောက်စလုံးဟာ အသင်းအတွက် ၁၇ ရာသီစီကစားပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက ၁၆ ရာသီကစား ပေးထားတာကြောင့် လာမယ့်ရာသီမှာ ချာလက်စ်ရီတက်ချ်နဲ့ ဇာဗီ တို့ရဲ့ စံချိန်ကို မက်ဆီအနေနဲ့ လိုက်မီသွားမှာဖြစ်ပါ တယ်။ အသင်းတစ်သင်းတည်းအတွက် ဆုဖလားရရှိမှုအများဆုံးကစားသမားကတော့ ယူနိုက်တက်တောင်ပံကစားသမား ရွိုင်ယန်ဂစ်ဖြစ်ပြီး ဆုဖလား ၃၆ လုံးရယူထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာနဲ့ ဆုဖလား ၃၄ လုံးရထားတဲ့ မက်ဆီ အနေနဲ့ နောက်ထပ်ဖလား ၃ လုံးရခဲ့မယ်ဆိုရင် ရွိုင်ယန်ဂစ်ရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။