ဂါရတ်ဘေးလ်က အသင်းဟာင်း စပါးကို ပြန်ချင်နေတယ်လို့ ကစားသမားရဲ့ အေးဂျင့် ပြောဆိုခဲ့

ရီးရဲလ်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဂါရတ်ဘေးလ်အနေနဲ့ အသင်းဟောင်းစပါးမှာ ပြန်ပြီး ကစားချင်တယ်လို့ ကစားသမားရဲ့အေးဂျင့်က ပြောခဲ့အပြီးမှာတော့ သူရဲ့အပြောင်းအရွှေ့အတွက် စပါးနဲ့ ရီးရဲလ်တို့ ဆွေးနွေးနေတယ်လို့ Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က စပါးကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ရီးရဲလ်အတွက် ကစားခဲ့တဲ့ ၇ ရာသီအတွင်းမှာ ဂါရတ်ဘေးလ်ဟာ ပွဲပေါင်း ၂၅၁ ပွဲကစားပေးခဲ့ပြီး ၁၀၅ ဂိုးသွင်းယူနိုင်ခဲ့ကာ အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကိုလည်း နှစ်ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့ ဂါရတ်ဘေးလ်ဟာ နည်းပြ ဇီဒန်းနဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ပြိုင်ပွဲစုံမှာ ၁၆ ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့ ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက ဂါရတ်ဘေးလ်အနေနဲ့ အသင်းပြောင်းဖို့ သတင်းတွေထွက်ခဲ့ပြီး ယူနိုက်တက် နဲ့ စပါးတို့က စိတ်ဝင်စားခဲ့ကြပေမယ့် ရီးရဲလ်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာလည်း ဒီနှစ်သင်းကပဲ ဂါရတ်ဘေးလ်ကို စိတ်ဝင်စားနေခဲ့ပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်က ဘေးလ်အနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးနေကြောင်းကို အတည်ပြု ပြောခဲ့ပါတယ်။


ချဲလ်ဆီးအသင်းကနေ ထွက်ပြီး ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ ဂီရော့ဒ်ကလည်း သူအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့တုန်းက စပါးအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ပရီးမီးယား လိဂ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့မှာ ကစားခဲ့တဲ့ ဂီရော့ဒ်ဟာ နည်းပြလမ်းပတ်ရဲ့ အပြောင်းအလဲတွေ ကြောင့် ချဲလ်ဆီးကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version
