အချက်အလက်စစ်တမ်းတွေကောက်တဲ့ Whoscored ရဲ့ဖော်ပြမှုအရ နောက်ဆုံး ၁၀ နှစ်မှာ စီရော်နယ်ဒိုကို ၉ နှစ်အသာ ရခဲ့တဲ့ မက်ဆီ

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဆိုတာ ဘောလုံးပရိသတ်တွေအကုန်လုံးသိကြပါ တယ်။ သူတို့နှစ်ဦးက ဘယ်သူကပိုကောင်းတယ်ဆိုပြီး ဆုံးဖြတ်ဖို့က ကာလရှည်ကြာတဲ့အငြင်းပွားမှုတစ်ခုအဖြစ်ရှိလာ တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကလည်း အခုထိရှိနေတုန်းဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုဟာ သူတို့နှစ်ယောက်စလုံး ကစားသမားဘဝကနေ အနားယူသွားမှပဲ ပြီးဆုံးသွားတော့မယ်လို့ သတ်မှတ်ထားခံရတာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဒီရာသီမှာ လာလီဂါချန်ပီယံ မဖြစ်ခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်နဲ့ ရယူနိုင်ခဲ့ပါတယ်။ အချက်အလက်စစ်တမ်းတွေကောက်ယူတဲ့ Whoscored ဝက်ဘ်ဆိုဒ်ရဲ့ဖော်ပြမှုအရတော့ စီရော်နယ်ဒိုနဲ့ မက်ဆီကြား နောက်ဆုံး ၁၀ နှစ်အတွက် တစ်ရာသီအတွင်းစွမ်းဆောင်ရည်မှုကို တိုင်းတာရမှာတော့ မက်ဆီက စီရော်နယ်ဒိုကို ၉ရာသီတိုင်အောင် အသာရခဲ့တယ်လို့ သိရပါတယ်။

Whoscored ရဲ့စစ်တမ်းကောက်ယူမှုမှာတော့ ပွဲတစ်ပွဲချင်းစီရဲ့ ခံစစ်ကိုဆင်းကူနိုင်မှု၊ တိုက်စစ်ပုံဖော်နိုင်မှုနဲ့ ဘောလုံး ပေး ပို့မှုတွေကို တွက်ချက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီမှတ်တမ်းကို ၂၀၁၀-၁၁ ဘောလုံးရာသီက စတင်ခဲ့တာဖြစ်ပြီး မက်ဆီက ၈.၈ မှတ်နဲ့ စီရော်နယ်ဒိုက ၈.၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ ထူးခြားတဲ့နှစ်ကတော့ ၂၀၁၃- ၁၄ ဘောလုံးရာသီလို့ ဆိုရမှာဖြစ်ပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်စလုံး ၈.၃ မှတ်ရခဲ့တာဖြစ်ပါတယ်။

၂၀၁၃-၁၄ ဘောလုံးရာသီကလွဲပြီး မက်ဆီက ကျန် ၉ နှစ်စလုံး စီရော်နယ်ဒိုကို အသာရခဲ့တာဖြစ်ပါတယ်။ ဒီနှစ် စွမ်း ဆောင်မှုမှာလည်း မက်ဆီက ၈.၆ မှတ်ရခဲ့ပြီး စီရော်နယ်ဒိုက ၇.၉ မှတ်ပဲ ရခဲ့တာဖြစ်ပါတယ်။ လာလီဂါချန်ပီယံမဖြစ်ခဲ့ပေ မယ့် မက်ဆီဟာ တစ်ရာသီအတွင်း ဂိုး ၂၀အထက်နဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထက် ပြုလုပ်နိုင်တဲ့သူအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုကတော့ ဥရောပရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့တယ်ဆိုပေမယ့် စီးရီးအေမှာ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။