အသက်(၄၀)အထိ ရာမို့စ်အနေနဲ့ ဘောလုံးကစားနိုင်မှာဖြစ်ကြောင်း ပြောခဲ့တဲ့ ဗန်ဒါဗတ်

ရီးရဲလ်ကစားသမားဟောင်းဗန်ဒါဗတ်က အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ်အနေနဲ့ လက်ရှိမှာ အသက် ၃၄ နှစ်ရှိနေပြီဖြစ် ပေမယ့် အသက် ၄၀ အရွယ်ရှိဘောလုံးကစားနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဗန်ဒါဗတ်က ရာမို့စ်အနေနဲ့ ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူတွေထဲက ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့စွမ်းဆောင်ရည်တွေဟာ အသင်းအတွက်အများကြီး အကျိုးရှိကြောင်းကိုလည်း ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

ဒီရာသီမှာ ရီးရဲလ်အနေနဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဝေးကွာနေခဲ့တဲ့ လာလီဂါချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ရာမှာ ရာမို့စ် ရဲ့ သွင်းဂိုးတွေကလည်း အဓိကကျခဲ့ပါတယ်။ ရာမို့စ်ဟာ နောက်ခံလူတစ်ဦးဆိုပေမယ့် ဒီရာသီမှာ ရီးရဲလ်အတွက်လိဂ်သွင်း ဂိုး ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဗန်ဒါဗတ်ဟာ ၂၀၀၅ ခုနှစ်ကတည်းက ဆီဗီလာကနေ ရီးရဲလ်ကို ရောက်ခဲ့တဲ့ ရာမို့စ်နဲ့ အသင်းမှာ နှစ်ရာသီကြာအတူတွဲကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဗန်ဒါဗတ်က “ ကျွန်တော်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူပါ။ ရီးရဲလ်မှာ ကျွန်တော်ရှိတဲ့အချိန်တုန်းက ရာမို့စ်က အသက် ၂၁၊ ၂၂ လောက်ပဲရှိဦးမှာပါ။အဲ့ဒီအချိန်တုန်းက ပြစ်ဒဏ်ဘောတွေ၊ထောင့်ကန်ဘော တွေကိုသူကန်ချင် ပေမယ့် အခုချိန်မှာတော့ ကွဲပြားသွားပါပြီ။သူရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားဖြစ်နေပါပြီ။ သူရဲ့ခန္ဓာကိုယ် တောင့်တင်းမှုကလည်း လူသားတစ်ယောက်ထက်ပိုပြီး စက်ရုပ်တစ်ရုပ်လိုဖြစ်နေပါတယ်။ အသက် ၄၀ လောက်အထိ ရာမို့စ်အနေနဲ့ ဘောလုံးကစားနိုင်မှာပါ” လို့ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ကစားရမယ့်ချန်ပီယံလိဂ် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အတွက်လည်း ဗန်ဒါဗတ်က“ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ပွဲတစ်ပွဲပါ။ ကိုရိုနာဗိုင်းရပ်စ်အလွန်ပြန်ကစားတဲ့ပွဲစဉ်တွေမှာ ရီးရဲလ်အနေနဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဘင်ဇီမာနဲ့ ရာမို့စ်တို့က အသင်းရဲ့အဓိကအစိတ်အပိုင်းတွေ ဖြစ်လာခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။မန်စီးတီးနဲ့ အာ ဆင်နယ်တို့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲကို ကြည့်ပြီး မန်စီးတီးမှာ ထူးချွန်တဲ့ကစားသမားတွေရှိတာတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ရီးရဲလ်အနေနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။