အသင်းဟောင်းအတွက် ဂုဏ်ယူကြောင်း ပြောခဲ့တဲ့ ဆွာရက်ဇ်နဲ့ တောရက်စ်

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဟောင်းလီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ပြောခဲ့ပါတယ်။ လီဗာပူးကစားသမားဟောင်း ဆွာရက်ဇ်ဟာ အသင်းခေါင်းဆောင်ဟန်ဒါဆင်ကို ဦးစားပေးပြီးလီဗာပူးအသင်းရဲ့အောင်မြင်မှုအတွက် ချီးကျူးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လီဗာပူးအသင်းအတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။


ဆွာရက်ဇ်ဟာ လီဗာပူးအသင်းနဲ့အတူ ထင်ပေါ်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာရှိစဉ်တုန်းက တစ်ဦးချင်းအနေ နဲ့ PFA အကောင်း ဆုံးကစားသမားဆု ရရှိခဲ့သလို ၂၀၁၃-၁၄ ခုနှစ်တုန်းကလည်း ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ အသင်းလိုက်အောင်မြင်မှုမှာတော့ ၂၀၁၁-၁၂ ဘောလုံးရာသီက လိဂ်ဖလားအောင်မြင်မှုတစ်ခုပဲ ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးကနေ ဘာစီလိုနာကို ဆွာရက်ဇ်ပြောင်းရွှေ့သွားပြီးနောက်မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ် ၆ကြိမ်မြောက်ရခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရရှိခဲ့ပါတယ်။

 

“ ဂျော်ဒန်နဲ့ အခြားလီဗာပူးကစားသမားတွေအတွက် တကယ်ကိုပျော်ရွှင်မိပါတယ်။ အသင်းသားတွေရော ပရိသတ်တွေပါ ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်” ဆွာရက်ဇ်က လီဗာပူးရုပ်သံကတဆင့် ပြောခဲ့ပါတယ်။ဆွာရက်ဇ်လိုမျိုး နောက်ထပ် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဖာနန်ဒိုတောရက်စ်ကလည်း ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအတွက် အင်စတာဂရမ်ကနေ တဆင့် ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။


တောရက်စ်က “ မယုံကြည်နိုင်လောက်တဲ့ လူစာရင်း၊ မျက်လှည့်ဆန်ဆန်လုပ်ပြတတ်တဲ့နည်းပြ၊ ကြီးမားတဲ့ဝန်ထမ်းတွေ ရဲ့လုပ်ဆောင်နိုင်မှုတဲ့ ချန်ပီယံဖြစ်ခဲ့ပါပြီ။ဒီအတွက် တစ်ဦးတစ်ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်။ ဒီလိုအောင်မြင်မှု ရဖို့အတွက် အချိန်ကာလအတော်ကြာအောင် စောင့်ခဲ့ရတာပါ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။တော ရက်စ်ကတော့ လီဗာပူးအသင်းမှာ ၄ရာသီအတွင်းပွဲပေါင်း ၁၀၂ ပွဲကစားတယ်ဆိုပေမယ့် ဆုဖလားအောင်မြင်မှုတော့ ရရှိခဲ့ ခြင်းမရှိပါဘူး။