ဒမ်ဘီလီ ခွဲစိတ်ရမှာဖြစ်လို့ တိုက်စစ်မှူး အသစ်တစ်ယောက်ရှာရတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ပေါင်ခြံဒဏ်ရာ ကြောင့် (၆) လ လောက် အသင်းနဲ့ ခွဲခွာရမှာဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး အသစ်တစ်ယောက် ရှာရတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပြင်သစ်တောင်ပံ တိုက်စစ်ကစားသမားဟာ ယနေ့ မနက်အစောပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တဲ့အတွက် အသင်းရဲ့ လက်ကျန်ရာသီကို လွဲရမှာဖြစ်ပြီး လက်ရွေးစင် အသင်းရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ ပါဝင်ခွင့် မရတော့ဘူး ဖြစ်ပါတယ်။

Image result for dembele barcelona injury

ဒမ်ဘီလီမပါဝင်မှု နဲ့အတူ အသင်းရဲ့ နောက်ထပ် ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကလည်း ၂၀၁၉-၂၀ တစ်ရာသီစလုံး ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့အတွက် စပိန်လာလီဂါ လက်ရှိ ချန်ပီယံဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးအသစ်တစ်ယောက် အရေးပေါ် လိုအပ်နေတာဖြစ်ပါတယ်။ ရီးရဲလ်ဆိုစီဒက် တိုက်စစ်ကစားသမား ဝီလီယံ ဂျိုစ့်ဟာ ဘာစီလိုနာအသင်းရဲ့ ပထမဦးစားပေးဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် အိန်ဂျယ်ရိုဒရီဂွတ်၊ လူးကပ်စ်ပီရက်စ် ၊ လိုရန်မော်ရွန်၊ ခရစ္စတီယန် စတူအာနီ နဲ့ အန်တီဘူဒီမာ တို့ကိုလည်း ဘာစီလိုနာအသင်းဟာ ပစ်မှတ်ထားနေပါတယ်။

Image result for dembele barcelona injury

လာလီဂါ စည်းမျဥ်းများထဲမှာ ကလပ်အသင်းတွေအနေနဲ့ ကစားသမားတစ်ယောက်အနေနဲ့ အနည်းဆုံး (၅) လလောက် အနားယူရမယ့်အချိန်မှာ အခြားကစားသမားတစ်ယောက်ကို အပြောင်းအရွှေ့ဈေးကွက်မဟုတ်တဲ့အချိန်မှာ ခေါ်ယူခွင့်ရှိပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဒမ်ဘီလီကို အသင်းရဲ့ လူစာရင်းထဲက ခဏ ထုတ်ပယ်ပြီး မှာ အရေးပေါ် ကစားသမားသစ် ခေါ်ယူမှုကို တောင်းဆိုသွားဖွယ်ရှိနေပါတယ်။ နည်းပြ ဆက်တီယန် ရဲ့ အသင်းဟာ လာလီဂါ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းထက် (၃) မှတ်လျော့နည်းနေတာဖြစ်ပါတယ်။