ရော်နယ်ဒို ရီးရဲလ်အသင်းမှာပဲ ကစားနေခဲ့မယ်ဆိုရင် ဘောလွန်းဒီအောဆုကို ရမှာဖြစ်ပါတယ်-မန်းဒက်စ်

ခရစ္စတီယာနို ရော်နယ်ဒိုသာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ကစားနေမယ်ဆိုရင် ဘောလွန်းဒီအောဆုကို သိမ်းပိုက်နိုင်မယ်လို့ ဂျူဗင်တပ်စ်ကြယ်ပွင့်ရဲ့ အေးဂျင့် ဂျော့ချ်မန်းဒက်စ်က ပြောသွားခဲ့ပါတယ်။ ဘောလွန်းဒီအော (၅) ဆုရှင် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းသို့ မက်ဒရစ်အသင်းကနေ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာပြီးကတည်းက အဆိုပါဆုတံဆိပ်နဲ့ ဝေးကွာနေခဲ့ရသူဖြစ်ပါတယ်။ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် နဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့က ပြီးခဲ့တဲ့ နှစ်တွေမှာ အသီးသီးသိမ်းပိုက်သွားခဲ့ပါတယ်။

မက်ဆီဟာ ယခုလမှာ သူ့ရဲ့ (၆) ကြိမ်မြောက်ဘောလွန်းဒီအောဆုကို ရရှိသွားခဲ့ပြီး ပေါ်တူဂီ လက်ရွေးစင်ကစားသမား ရော်နယ်ဒိုကတော့ အဆင့် (၃) နေရာမှာ ရပ်တည်နေခဲ့ပြီး လီဗာပူးနောက်ခံလူ ဗန်ဒိုက်က အဆင့် (၂) နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

“ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂) နှစ်မှာ ဘောလွန်းဒီအောဆုကို အနည်းဆုံး (၁) ခါလောက် ရသင့်ခဲ့ပါတယ်။ သူသာ ရီးရဲလ်မက်ဒရစ်မှာ ဆက်ကစားမယ်ဆိုရင် သူရမှာပါ။ ဒါပေမယ့် နောက်နှစ်လည်း သူရယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါဟာမမျှတပါဘူး။ သူဟာ နေရှင်းလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့လည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဘာလုပ်သင့်လဲဆိုတာ သူသိပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြရတာပေါ့”လို့ မန်းဒက်စ်က ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား (၅) ကြိမ် ၊ ယူရို (၂၀၁၆) ၊ ပရီးမီးယားလိဂ်၊ စီးရီအေ၊ လာလီဂါ နဲ့ နေရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူး ရရှိထားပြီး အခြားဆုဖလားများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်ကစားသမားအပေါ် မန်းဒက်က “ခရစ္စတီယာနိုက ကျွန်တော့်အတွက်တော့ ဘောလုံးသမိုင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။ ပေါ်တူဂီဟာ ရော်နယ်ဒိုမရှိခင်တုန်းက ဘာမှ မရခဲ့ပါဘူး။ ရော်နယ်ဒို နဲ့အတူ သူတို့ဟာ ယူရို နဲ့ နေရှင်းလိဂ်ဆုဖလားတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ၂၀၀၄ တုန်းကလည်း ယူရိုမှာ ဗိုလ်လုပွဲ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးလောကကို ပြောင်းလဲစေသူပါ။ ကျွန်တော်တို့ဟာ နိုင်ငံသေးသေးလေးဖြစ်တဲ့ ပေါ်တူဂီအကြောင်းကို ပြောနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဒါကို ပြောင်းလဲစေခဲ့တာဖြစ်လို့ ကျေးဇူးတင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာ အီတလီချန်ပီယံ ဂျူဗင်တပ်စအသင်းအတွက် စီးရီးအေ (၉)ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၁၁) ပွဲကစားပေးထားခဲ့သူဖြစ်ပါတယ်။