ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်ကို မစိုးရိမ်ပါဘူး ကျွန်တော်စိုးရိမ်တာက ဘယ်အသင်းလဲဆိုတာ ပြောပြလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက လာလီဂါမှာ သူစိုးရိမ်တဲ့ အသင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ မဟုတ်ပဲ ဆီဗီလာအသင်းကိုသာ စိုးရိမ်နေတာဖြစ်တယ်လို့ တနင်္ဂနွေနေ့က ရှုံးပွဲအပြီး ပြောသွားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မက်ဒရစ်မှာ ဘာစီလိုနာကိုမက်ဆီရဲ့ (၈၆) မိနစ်သွင်းဂိုးနဲ့ အိမ်ကွင်းမှာပဲ (၁-ဝ) နဲ့ ရှုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အက်သလက်တီကို အသင်းဟာ အမှတ်ပေးဇယား အဆင့် (၆) နေရာကို ရောက်သွားပြီး ထိပ်ဆုံးက ဘာစီ နဲ့ မက်ဒရစ်အသင်းတို့နဲ့ (၆) မှတ်အကွာကိုရောက်နေပြီး တတိယနေရာက ဆီဗီလာအသင်းထက် (၅) မှတ်လျော့နေပါတယ်။

“ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့က ကျွန်တော့်ကို မစိုးရိမ်စေပါဘူး။ ဆီဗီလားအသင်းကိုပဲ စိုးရိမ်ပါတယ်။ အခုတောင် (၅) မှတ်ကွာနေပြီ”လို့ သတင်းထောက်များကို အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ သို့သော်လည်း ယခုနှစ်ဘောလုံးရာသီ လိဂ်ပွဲ (၁၅) ပွဲမှာ (၁၆) ဂိုးပဲ သွင်းထားတဲ့ တိုက်စစ်ကတော့ အခွင့်အရေးယူနိုင်ခြင်းမရှိခဲ့ပါဘူး။

အက်သလက်တီကိုမက်ဒရ်စအသင်းဟာ ရာသီကုန်က ဂရစ်ဇ်မန်း၊ ဂိုဒင်၊ ရိုဒရီ၊ ဖီလစ်ပီလူးဝစ်ဇ်၊ ဂျူအန်ဖရန် နဲ့ ဟာနန်ဒက်တို့ကို ထွက်ခွာစေခဲ့ပြီး ဂျာအိုဖီလစ်၊ လော်ရန်တေ၊ ဟာမိုဆို၊ ထရစ်ပီယာ နဲ့ ဖီလစ်ပီတို့ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဆီမြွန်နီက သူ့အသင်းကို သည်းခံပေးကြရန် ပြောဆိုခဲ့ပါတယ်။ “အသင်းဟာ အားလုံးပေးဆပ်နေပါတယ်။ ကစားသမားတွေကလည်း နည်းပြပြောတဲ့အတိုင်း လုပ်နေပါတယ်။ အပြောင်းအလဲတွေက ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဟာ အကူးအပြောင်းကာလ တစ်နှစ်အတွင်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ သည်းခံရပါမယ်။ ကျွန်တော်ဟာ သည်းမခံတတ်တဲ့ လူစားမျိုးပါ။ အသင်းအနေနဲ့ ပြောင်းလဲမှုများစွာဖြစ်ပေါ်လာမှာကို နားလည်ထားရပါမယ်။ ဒါပေမယ့် အချိန်တော့လိုအပ်ပါတယ်”လို့ ဆီမြွန်နီက ထပ်မံ ပြောသွားခဲ့ပါတယ်။