ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ဆက်နေဖြစ်မယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို

ဘာစီလိုနာအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုဟာ ဘွန်ဒါလီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ဆက်နေဖြစ်မယ်လို့ ပြောသွားခဲ့ပါတယ်။ ကော်တင်ဟိုဟာ လာလီဂါ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းကနေ တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဂျာမနီမှာပဲ ဆက်နေဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။ နူးကမ့်ကနေ အလိုင်းယန့်ဇ်အေရီနာအသင်းကို ပြောင်းရွှေ့ကစားပြီးကတည်းက ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၈) ပွဲကစားထားပြီး (၃) ဂိုးသွင်းယူပေးထားပါတယ်။

“ကျွန်တော်ခံစားချက် တစ်ကယ်ကိုကောင်းနေပါတယ်။ ဒီမှာ တစ်နှစ်နေဖို့ စီစဉ်ထားပြီး အခုကစပြီး အာရုံစူးစိုက်မှု အပြည့်ထားနေပါတယ်။ ဒါပေမယ့် အရာအားလုံး အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဆက်နေချင်ပါတယ်” လို့ ကော်တင်ဟိုက ပြောသွားခဲ့ပါတယ်။ ကော်တင်ဟိုဟာ စနေနေ့က လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်း အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ရောက်ကစားပေးခဲ့သူဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ နည်းပြ ကိုဗက်နေရာတွင် ရာသီကုန်အထိ အစားထိုးဝင်ရောက်နည်းပြအဖြစ် တာဝန်ယူထားတဲ့ ဟန်ဆီဖလစ်ခ်ရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ လေ့ကျင့်ပုံ အကောင်းဆုံးအနေအထားမှာ ရှိနေတာကို နားလည်ထားပါတယ်။အဲ့ဒါတွေကြောင့်ပဲ အရာအားလုံးဟာ အဆင်ပြေနေတာပါ။ ဖလစ်ခ်က အားလုံးကို အရေးပါသလို ခံစားစေပါတယ်။ ကျွန်တော်တို့တွေလည်း ပျော်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီထက်ပိုကြိုးစားဖို့ လိုသေးတယ်ဆိုတာ သိပါတယ်” လို့ ကော်တင်ဟိုက ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒါလီဂါအမှတ်ပေးဇယားတွင် အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားဦးဆောင်နေတဲ့ မိုချင်ဂလတ်ဘတ် အသင်းထက် (၄) မှတ်အကွာမှာ ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ မိုချင်ဂလတ်ဘတ်အသင်းတို့ဟာ လာမယ့် စနေနေ့တွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။