အသင်းပြောင်းပြီး စွန့်စားတတ်တဲ့ ရော်နယ်ဒိုကသာ ဘောလွန်းဒီအောဆုနဲ့ ထိုက်တန်ပြီး မက်ဆီက တစ်သင်းတည်းမှာ ကစားသူလို့ ပြောဆိုလိုက်တဲ့ ဘိုအာ့စ်

ခရစ္စတီယာ နို ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းကစားတဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုသင့်တယ်လို့ မာဆေးလ်နည်းပြ ဗီလက်စ် ဘိုအာ့စ်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီလို အသင်းပြောင်းရဲတဲ့ ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်ဘောလွန်းဒီအောဆုကို ရော်နယ်ရရှိသင့်တယ်လို့ ပေါ်တူဂီလူမျိုး နည်းပြက ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် အသင်းခေါင်းဆောင် မက်ဆီက တနလာၤနေ့ ပဲရစ်မှာ ကျင်းပမယ့် ဘောလွန်းဒီအောဆုကို သူ့ရဲ့ (၆) ကြိမ်မြောက် ဘောလွန်းဒီအောဆုအဖြစ် ရရှိဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။ ရော်နယ်ဒိုဟာလည်း ဘောလွန်းဒီအောဆုကို (၅) ကြိမ် ရရှိထားသူ ဖြစ်ပြီး ၂၀၁၈ က မက်ဒရစ်ကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းသွားပြီးကတည်းက စွမ်းဆောင်ရည် အနည်းငယ်ကျဆင်းသွားပါတယ်။ သို့သော်လည်း ဗီလာက သူ့ရဲ့ တစ်နိုင်ငံတည်းသား  ပေါ်တူဂီတိုက်စစ်မှူးကိုသာ ဘောလွန်းဒီအောဆုကို ရရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီကော ရော်နယ်ဒို ပါ တခြားကမ္ဘာက ကစားသမားတွေဖြစ်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။

“ဒါဟာ အရမ်းခက်ခဲပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်ဟာ ပေါ်တူဂီလူမျိုး ဖြစ်လို့ ရော်နယ်ဒိုကို ပိုပြီး အားပေးပါတယ်။ ခရစ္စတီယာနိုဟာ ကမ္ဘာပေါ်မှာ ဆုဖလားတွေ အများကြီး ရရှိထားတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းကနေ ထွက်ခွာပြီး စွန့်စားခဲ့တဲ့သူပါ။ ဒီလို စွန့်စားမှုမျိုးကို အသိအမှတ်ပြုသင့်ပါတယ်။ အီတလီလို လိဂ်မျိုးမှာ ကစားပြီး ဂိုးတွေသွင်းနေရတာ အရမ်းခက်ပါတယ်။

မက်ဆီကတော့ သူ့ရဲ့ ဘာစီလိုနာလို အသင်းကောင်းမှာပဲ အခုထိ ကစားနေတုန်းပါ။ သူလည်း မတူညီကွဲပြားတာတွေ လုပ်နိုင်သူပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ပေါ်တူဂီဖြစ်လို့ ရော်နယ်ဒိုကိုပဲ ပိုအားပေးပါတယ်။ သူတို့ နှစ်ယောက်စလုံးကတော့ ထူးခြားတဲ့သူတွေဖြစ်လို့ ရွေးချယ်ဖို့ခက်ခဲ့ပါတယ်။ ဒီဘောလွန်းဒီအောက သူတို့ နှစ်ယောက်ကြားက ပြိုင်ဆိုင်မှု ဖြစ်လာပါလိမ့်မယ်။ သူတို့ (၂) ယောက်ပြိုင်ဆိုင်တာကို မျိုးဆက်တစ်ခုတည်းမှာ အတူတူ ကြည့်ရတာက တစ်ကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူတို့တွေက တစ်ခြားကမ္ဘာက ဂြိုလ်သားတွေလိုပါပဲ” လို့ ဘိုအာ့စ်က ပြောသွားခဲ့ပါတယ်။