ဟီဂူအင်အနေနဲ့ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့

ဂျူဗင်တပ်နည်းပြသစ်အဖြစ် ပီယာလိုဖြစ်လာပြီးနောက်မှာ အသင်းကထွက်ဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး ဟီဂူအင်အနေနဲ့ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိ ခဲ့ပြီ ဆိုပြီး Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်နေတဲ့ ဟီဂူအင်ဟာ ၂၀၁၆ ခုနှစ်က ကမ္ဘာ့ဈေး အကြီးဆုံးကစားသမားတွေစာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ဂျူဗင်တပ်ကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဂျင်းတီးနားလက်ရွေးစင်အသင်းကနေ အနားယူခဲ့တဲ့ ဟီဂူအင်ဟာ ဂျူဗင်တပ်ကို ရောက်ရှိခဲ့တဲ့ အစော ပိုင်း ၂နှစ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စီရော်နယ်ဒိုရောက်လာပြီးနောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရပြီး အေစီမီလန်နဲ့ ချဲလ်ဆီးအသင်းတွေကို အဌားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက် တမ်း တစ်နှစ်ကျန်နေသေးပေမယ့် ဟီဂူအင်ကို နည်းပြသစ်ပီယာလိုက အသင်းပြောင်းဖို့အတွက် ခွင့်ပြုထားခဲ့တာဖြစ်ပါ တယ်။

သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဟီဂူအင်ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရခဲ့ပြီး ဆေးစစ်ဖို့အတွက်ပဲ လိုအပ်တော့တယ်လို့ သိရပါတယ်။ ဟီဂူအင်အနေနဲ့ အင်တာမီယာမီ ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဂျူဗင်တပ်အသင်းဖော်ဟောင်း မာတူဒီနဲ့ အတူပြန်တွဲကစားခွင့်ရမှာဖြစ်ပြီး တစ်နှစ်ကိုလုပ်ခလစာ ပေါင် ၃.၇ သန်းရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ရေးဗားပလိတ်နဲ့ စတင်ခဲ့ပြီး လာလီဂါကလပ် ရီးရဲလ်မှာ ၆ နှစ်အ ထိ ကစားခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စီးရီးအေကလပ် နာပိုလီကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှာတော့ ပြောင်းရွှေ့ကြေးပေါင် ၇၅.၃ သန်းနဲ့ ဂျူဗင်တပ်အသင်းရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။ ဟီဂူ အင်ဟာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေချန်ပီယံ ၃ကြိမ်နဲ့ ကိုပါအီတလီယာဖလား ၂ ကြိမ်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။