ဇာဟာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တဲ့ ချဲလ်ဆီးနဲ့ အခြားသော နေ့လယ်ခင်းသတင်းတိုများ …….

၁။ ရေးဗားပလိတ်ကြယ်ပွင့်ကို ကမ်းလှမ်းလိုက်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီ
ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ် အသင်းသစ် အင်တာမိုင်ယာမီ အသင်းဟာ ရေးဗားပလိတ်အသင်းရဲ့ ကွင်းလယ် ကစားသမား ပလာစီယို့စ်ကို ကမ်းလှမ်းလိုက်တယ်လို့ သိရှိရပါတယ်။ အသက် (၂၁) နှစ် အရွယ် အဆိုပါ ကစားသမားဟာ ရေးဗားပလိတ် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး လေဗာကူဆင် အသင်းကလည်း ပလာစီယို့စ်ကို ချိတ်ဆက်နေတာပါ။

၂။ အငှားထွက်ကစားဦးမှာမဟုတ်ဘူးဆိုတဲ့ အန်ဆုဖာတီ
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် ကစားသမား အန်ဆုဖာတီအနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ ထွက်ကစားမှာမဟုတ်ဘူးလို့ ကစာသမားရဲ့ ဖခင်က ဆိုပါတယ်။ အန်ဆုဖာတီဟာ လက်ရှိ ဘောလုံးရာသီမှ ဘာစီလိုနာ အသင်းကြီးမှာ စတင် ပါဝင်ခွင့်ရခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့်အတွက် အငှားထွက် ကစားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

၃။ လာမယ့် တစ်ပတ် အတွင်း နည်းပြ လောကထဲ ပြန်လာဖို့ ပြင်ဆင်နေတဲ့ ပိုချက်တီနို
စပါး အသင်း နည်းပြ ရာထူးက အထုတ်ခံထားရတဲ့ ပိုချက်တီနိုဟာ လာမယ့် တစ်ပတ် အတွင်း နည်းပြလောကထဲ ပြန်လည် ဝင်ရောက်လာလိမ့်မယ်လို့ Sky Sports သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။ အသက် (၄၇) နှစ် အရွယ် အဆိုပါ နည်းပြဟာ လက်ရှိ အချိန်မှာတော့ မွေးရပ်မြေ အာဂျင်တီးနားကို ပြန်ပြီး မိသားစုနဲ့ အတူ အချိန် ကုန်ဆုံးနေဆဲပါ။

၄။ အငှားထွက်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် ကြယ်ပွင့်
ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဘရာဟင်ဒီယက်ဇ်က ဂီတာဖေးအသင်းကို အငှားနဲ့ ထွက် ကစားဖို့ ငြင်းဆန်လိုက်ပါတယ်။ အသက် (၂၀) အရွယ် အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် ဂီတာဖေး အသင်းက ပုံမှန် ပွဲထွက်ခွင့်တစ်နေရာအတွက် အာမခံချက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တာပါ။

၅။ ဇာဟာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တဲ့ ချဲလ်ဆီး
ချဲလ်ဆီး အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တောင်ပံ ကစားသမား ဇာဟာကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ဆက်တိုက် ပြင်ဆင်နေပါတယ်။ ချဲလ်ဆီး အသင်းရဲ့ အားကစား ဒါရိုက်တာ ဂရာနိုဗာစကာရီရာက ဇာဟာရဲ့ အေးဂျင့် ပက်စတိုရီလို နဲ့ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

၆။ လက်ရှိ အသင်းမှာပဲ ဆက်နေဖွယ်ရှိတဲ့ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်
ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ရေးဗား ပလိတ် နည်းပြ ဂယ်လာဒိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် (၂၀၂၁) ခုနှစ် အထိ အသင်းမှာ ဆက်ရှိ နေမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါယတ်။ အသက် (၄၃) နှစ် အရွယ် အဆိုပါ နည်းပြဟာ အသင်းကို တာဝန်ယူနေတဲ့ (၅) နှစ် အတွင်း ဆုဖလား (၁၀) လုံး ရရှိအောင် စွမ်းဆောင် ပေးထားနိုင်ပြီး အသင်း သမိုင်း တစ်လျှောက် အအောင်မြင်ဆုံး နည်းပြ တစ်ယောက် အဖြစ် ရပ်တည်နေတာပါ။

၇။ အသင်းရဲ့ ကွင်းလယ် ကစားသမားကို အငှားချဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ် ကစားသမား ကာလက်စ်အယ်လီနာကို ဂီတာဖေး အသင်းမှာ အငှားချထားဖို့ ပြင်ဆင်နေပါတယ်။ အသက် (၂၁) နှစ် အရွယ် အဆိုပါ ကစားသမားအတွက် ဂီတာဖေး အသင်းကလည်း (၆) လ အငှားစာချုပ် ကမ်းလှမ်းထားပြီး ကစားသမားရဲ့ ပုံမှန် ပွဲထွက်ခွင့်နဲ့ တိုးတက်မှုအတွက် ဘာစီလိုနာအသင်း အငှားချထားဖို့ ဆန္ဒရှိနေတာပါ။

၈။ ရာသီမကုန်ခင် အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကို မကိုင်တွယ်ချင်တဲ့ အယ်လီဂရီ
ဂျူဗင်တပ်စ် အသင်းနဲ့ လမ်းခွဲထားတဲ့ နည်းပြ အယ်လီဂရီဟာ ယူနိုက်တက်၊ အာဆင်နယ် အသင်းတို့နဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ရာသီမကုန်ခင် အသင်းသစ်ကို ကိုင်တွယ်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အသက် (၅၂) နှစ် အရွယ် အဆိုပါ နည်းပြဟာ အာဆင်နယ်၊ ယူနိုက်တက် အသင်းတို့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်နေတဲ့ နည်းပြ တစ်ယောက်ပါ။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344