“ရော်နယ်ဒိုက ကျွန်တော် အကြိုက်ဆုံး ကစားသမားတစ်ယောက်ပါ။” #အီဘရာဟီမိုဗစ်

ကျွန်တော့်ကို တီဗီရှေ့မှာ မတ်တပ်ရပ်ပြီး ဘောလုံးပွဲကြည့်အောင် လုပ်နိုင်တာဆိုလို့ ရော်နယ်ဒိုပဲ ရှိပါတယ် ….
ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမားလေး အမ်ဘာပေကသာ ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံး ဖြစ်အောင် စွမ်းဆောင်ပြနိုင်ပြီး ရော်နယ်ဒိုကတော့ သူ့ရဲ့ အကြိုက်ဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ အီဘရာဟီမိုဗစ်က ဆိုလာပါတယ်။ ဒါပေမယ့် ဇလာတန် ပြောပြခဲ့တဲ့ ရော်နယ်ဒိုက ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို မဟုတ်ဘဲ ဘရာဇီး ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒိုပါ။

ရော်နယ်ဒိုဟာ ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်၊ အင်တာမီလန် အသင်းတို့မှာ အကောင်းဆုံး အချိန် ကာလတွေကို ဖြတ်သန်းခဲ့ပြီး (၂၀၀၂) ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး လက်ရွေးစင် အသင်း အတွက်လည်း အဓိက တိုက်စစ်မှူး အဖြစ် ပါဝင် အသုံးတော်ခံပေးခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံထားရတဲ့ အဆိုပါ ကစားသမားကြီးနဲ့ ပတ်သက်လို့ အီဘရာဟီမိုဗစ်က “ကျွန်တော့်အတွက် ထာဝရ အကောင်းဆုံး ကစားသမားက ရော်နယ်ဒိုပါ။”

“ရော်နယ်ဒို ကစားတဲ့ ပုံစံကို လူတိုင်းက လိုက်ပြီး ကော်ပီကူးချင်ပါတယ်။ ရွေ့လျားမှုတွေက အစပေါ့။ သူ ကစားတဲ့ ပုံစံက တကယ်ကို ကျော့ရှင်း သပ်ရပ်ပြီး မက်မောဖွယ်ရာ ကစားဟန်ပါ။ ကျွန်တော့်ကို တီဗီရှေ့မှာ မတ်တပ်ရပ်ပြီး ဘောလုံးပွဲကြည့်အောင် လုပ်နိုင်တာဆိုလို့ ရော်နယ်ဒိုပဲ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ဘောလုံးလောကမှာ ရော်နယ်ဒိုနီးနီး စွမ်းဆောင်နိုင်တဲ့ ကစားသမားက အမ်ဘာပေ တစ်ယောက်တည်းသာ ရှိတဲ့ အကြောင်းကိုလည်း အီဘရာဟီမိုဗစ်က ချီးကျူးခဲ့သေးတာပါ။

အီဘရာဟီမိုဗစ်က “အမ်ဘာပေက နည်းနည်းလေး ကွဲပြားခြားနားအောင် စွမ်းဆောင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ဒီအတိုင်း ဆက်ကြိုးစားနေဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်နေတာပါ။ အသက် (၁၉) နှစ်အရွယ်မှာတင် သူက ကြယ်ပွင့် တစ်ယောက်ဖြစ်နေပါပြီ။ အောင်ပွဲတွေကို ဆက်လက် ဆာလောင်နေဖို့၊ ပွဲအပေါ် စိတ်အားထက်သန်နေဖို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပါ။” ဆိုပြီး ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။