နည်းပြအဖွဲ့ဝင် (၉) ယောက်အထိ တောင်းဆိုခဲ့လို့ အာဆင်နယ် နည်းပြမဖြစ်လာတဲ့သူနဲ့ အတူ အခြားသော နံနက်ခင်းသတင်းတိုများ …..

၁။ အယ်လီဂရီကို ပြန်လည်ချိန်ရွယ်လာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ နည်းပြသစ်နေရာအတွက် ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်ချိန်ရွယ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ အယ်လီဂရီကို နည်းပြအဖြစ် ရည်ရွယ်ခဲ့ပေမယ့် အယ်လီဂရီရဲ့ အင်္ဂလိပ်ဘာသာစကားမကျွမ်းကျင်မှု၊ နည်းပြအဖွဲ့ဝင် (၉) ယောက်အထိ ခေါ်ယူပေးဖို့ တောင်းဆိုမှုကြောင့် အာဆင်နယ် အသင်းအနေနဲ့ အူနိုင်းအမ်မရီကို ပြောင်းလဲခန့်အပ်ခဲ့ရတာပါ။

၂။ မေဂျာလိဂ်ကို ပြောင်းဖို့ ပစ်မှတ်ထားနေတဲ့ ဟာနန်ဒက်ဇ်
ဆီဗီလာအသင်းရဲ့ တိုက်စစ်မှူး ဂျာဗီယာဟာနန်ဒက်ဇ်က မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်သူ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှ အသင်းနဲ့ (၃) နှစ် စာချုပ်ချုပ်ဆိုထားပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် အသင်းသစ် ရှာဖွေနေတဲ့ အခြေအနေတစ်ရပ်ပါ။

၃။ စပါးအသင်းက ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လိုဆယ်ဆို
ပြီးခဲ့တဲ့ နွေရာသီမှ ဘက်တစ်အသင်းကနေ စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား လိုဆယ်ဆိုဟာ လာမယ့် နွေရာသီမှာ အသင်းက ပြန်လည် ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ လိုဆယ်ဆိုဟာ တစ်ရာသီ အငှား စာချုပ်နဲ့ စပါးအသင်းမှာ ကစားနေဆဲဖြစ်ပြီး ပုံမှန် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာကြောင့် အခုလိုပဲ စဉ်းစားနေတာပါ။

၄။ လက်စတာ နောက်ခံလူကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ ဖူလ်ဟမ်
ဖူလ်ဟမ်အသင်းဟာ လက်စတာအသင်းရဲ့ နောက်ခံလူ ဂျိမ်းစ်ဂျက်စတင်ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အသက် (၂၁) နှစ်အရွယ် အဆိုပါ ကစားသမားအတွက် လက်စတာအသင်းက ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်း သတ်မှတ်ထားပေမယ့် အနာဂတ်အတွက် အားကိုးရမယ့် ကစားသမားအဖြစ် ယူဆထားတာကြောင့် အငှားချဖို့ပဲ ဆန္ဒရှိနေတာပါ။

၅။ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာတဲ့ လီဗာပူး
ဒေါ့မွန် အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူး အသင်းက ရေပန်းစားနေတယ်ဆိုပြီး Viasport ရဲ့ ရုပ်သံတင်ဆက်သူ ဂျော့တော့ဖ်က ဆိုပါတယ်။ ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လီဗာပူးအသင်းကလည်း အဆိုပါ အင်္ဂလန် တောင်ပံကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

၆။ နည်းပြလောကထဲ ချက်ချင်းပြန်လာမယ့် ပိုချက်တီနို
စပါး နည်းပြ ရာထူးကနေ အထုတ်ခံထားရတဲ့ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ အဆိုပါ အာဂျင်တီးနား လူမျိုး နည်းပြကို အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပိုချက်တီနိုကလည်း နည်းပြလောကမှ အကြာကြီး အနားယူနေဖို့ စိတ်ကူးမရှိပါဘူး။

၇။ နာပိုလီ ကွင်းလယ်လူကို ယူရိုသန်း (၈၀) နဲ့ ကမ်းလှမ်းမယ့် ရီးရဲယ်မက်ဒရစ်
ရီးရဲယ်မက်ဒရစ် အသင်းဟာ နာပိုလီ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖေဘီယန်ရုဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အသက် (၂၃) နှစ်အရွယ် အဆိုပါ ကွင်းလယ်လူဟာ နာပိုလီ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ရီးရဲယ်မက်ဒရစ်အသင်းနဲ့ အပြိုင် ဘာစီလိုနာအသင်းကလည်း ဒီကစားသမားကို စိတ်ဝင်စားနေတာပါ။

၈။ LA ဂလက်ဆီ တောင်ပံကစားသမားကို ချိတ်ဆက်နေတဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းဟာ LA ဂလက်ဆီ အသင်းရဲ့ တောင်ပံကစားသမား အလက်ဆန်ဒရီနီကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အသက် (၃၀) အရွယ် အဆိုပါ ကစားသမားဟာ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ဒဏ်ရာက ပြန်ကောင်းလာပြီဖြစ်သလို အက်စတွန်ဗီလာအသင်းကလည်း လာမယ့် ဆောင်းရာသီမှာတင် အလက်ဆန်ဒရီနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။