ဆွီဒင်နဲ့ပွဲမှာအနိုင်ဂိုးနှစ်ဂိုးစလုံးသွင်းယူပေးခဲ့ပြီးနောက်ဥရောပမှာနိုင်ငံသွင်းဂိုး(၁၀၀)ကျော်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဆွီဒင်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာကြောင့် နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၀၁ ဂိုးအထိရှိခဲ့ပြီး ဥရောပနိုင်ငံတွေမှာ နိုင်ငံအ သင်းအတွက် သွင်းဂိုး ၁၀၀ ကျော်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် ပွဲပေါင်း ၁၆၅ ပွဲမှာ သွင်းဂိုး ၁၀၀ ဆိုတဲ့ မှတ်တမ်းကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပနိုင်ငံအသင်းတွေမှာ သွင်းဂိုး ၁၀၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ တစ်ကမ္ဘာ့လုံးမှာ နိုင်ငံအသင်း အတွက် သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့သွင်းဂိုး ၁၀၉ ဂိုးကို ကျော်ဖြတ်နိုင်ဖို့တော့ သွင်း ဂိုး ၉ ဂိုးအထိ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ သူရဲ့အင်စတာဂရမ်အကောင့်မှာ စီရော်နယ်ဒိုက “ နိုင်ငံအသင်းအတွက် မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ တာကြောင့် ဂုဏ်ယူမိပါတယ်။ အင်တာဗျူးတွေမှာ နိုင်ငံအသင်းအတွက် ဂိုး ၁၀၀ သွင်းနိုင်မလားဆိုတဲ့ မေးခွန်းကို ၁၀၁ ဂိုး သွင်းပြီး သက်သေပြနိုင်ခဲ့ပါပြီ။” လို့ရေးပြီး ပို့စ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းကနေ အနားမယူပေးဘဲ နိုင်ငံအသင်းအတွက် ဆက်လက်ကစားပေးနေတာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ နိုင်ငံအသင်းဖော်ဖြစ်တဲ့ ယူနိုက်တက်ကစားသမား ဖာနန်ဒက်စ်က “ စီရော်နယ်ဒိုအတွက် သွင်းဂိုးတွေရဖို့ဆို တာ လွယ်ကူတဲ့ကိစ္စပါ။ သူအနေနဲ့ ဘယ်လိုဂိုးသွင်းယူနိုင်မလဲဆိုတာကို သိပြီး ပွဲတစ်ပွဲအတွင်းမှာလည်း အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာကို သိပါတယ်။ ပြီးခဲ့တဲ့ညက ပြစ်ဒဏ်ဘောကန်ချက်လိုမျိုးကိုလည်း လေ့ကျင့်ရေးကွင်းမှာ အနည်းဆုံး ၆ ကြိမ်၊ ၇ ကြိမ်လောက် ကန်သွင်းနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။