ယူရို ၂၀၂၀ မဲခွဲရလဒ် အုပ်စု (A ) ပြိုင်ဘက်အသင်းတွေကြောင့် အီတလီအသင်း စိတ်ညစ်နေတယ်လို့ ဆိုလိုက်တဲ့ နည်းပြ မန်စီနီ

  ရော်ဘတ်တို မန်စီနီက အီတလီအသင်းရဲ့ ယူရို ၂၀၂၀ အုပ်စု (A) အသင်းများကို လျော့တွက်လို့လုံးဝမရတဲ့ အသင်းတွေဖြစ်တယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ အီတလီအသင်းဟာ မဲခွဲမှု ရလဒ်အရ တူရကီ၊ ဆွစ်ဇာလန် နဲ့ ဝေးလ်အသင်းတို့နဲ့ နောက်နှစ် ဇွန်လမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မန်စီနီရဲ့အသင်းဟာ ခြေစစ်ပွဲတောက်လျှောက် ပွဲတိုင်းအနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး အီတလီအသင်းလို ပွဲတိုင်းအနိုင်ရထားတဲ့ အသင်းဟာ ဘယ်လ်ဂျီယံအသင်းသာဖြစ်ပါတယ်။ သို့သော်လည်း အီတလီအသင်းဟာ အုပ်စုမဲခွဲမှုရလဒ်အဖြစ် ၂၀၁၆ ဆီမီးဖိုင်နယ်ရောက် ဝေးလ်၊ အရည်အသွေးမြင့်ကစားသမားတွေပါဝင်တဲ့ တူရကီအသင်း နဲ့ ဖီဖာ အဆင့်သတ်မှတ်ချက် အဆင့် (၄) မှာ ရှိနေတဲ့ ဆွစ်ဇာလန်အသင်းတို့ နဲ့ တစ်အုပ်စုတည်းမှာ ကျရောက်နေပါတယ်။

“ကျွန်တော်ကတော့ ဒီအုပ်စုက လူတွေ လွယ်လွယ်လေး ပြောနေကြသလို လွယ်တယ်လို့ မထင်ပါဘူး။ သူတို့အသင်းဟာ စိတ်အနှောင့်အယှက်ပေးနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။ သူတို့အသင်းအားလုံးမှာ ကစားသမားကောင်းတွေရှိပြီး လူငယ်တွေလည်း အများကြီးရှိပါတယ်။ ဆွစ်ဇာလန်ဆို လူတိုင်းနီးပါး သိပြီး ရင်ဆိုင်ကစားဖို့ တော်တော်ကြောက်ကြငပါတယ်။ ဝေးလ်ကလည်း ပရီးမီးယားလိဂ်ကစားသမား အများအပြားနဲ့ အံ့အားသင့်ဖွယ်ရာတွေကို စွမ်းဆောင်ပေးနိုင်ပြီး တူရကီကတော့ ပြင်သစ်အသင်းဆီကနေ ခြေစစ်ပွဲတုန်းက (၄) မှတ်ရယူနိုင်ခဲ့ပါတယ်။

သူတို့အသင်းအားလုံးဟာ ရင်ဆိုင်ရခက်ခဲတဲ့အသင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အကောင်းကိုပဲ တွေးထားပါတယ်” လို့ အင်တာမီလန်နည်းပြဟောင်းက ပြောသွားခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ အီတလီအသင်းအနေနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင်ကတည်းက အဓိက ပြိုင်ပွဲတစ်ရပ်ဖြစ်လာဖွယ်ရှိပါတယ်။