ချန်ပီယံလိဂ်ဖလားကို လိုချင်တဲ့ ပီအက်စ်ဂျီအသင်း အမြဲတမ်း ကျရှုံးမယ်လို့ ကျိန်စာတိုက်လိုက်တဲ့ မာဆေးလ်နည်းပြ ဘိုအာ့စ်

မာဆေးလ်နည်းပြ ဘိုအာ့စ်က တနင်္ဂနွေနေ့ညက ပီအက်စ်ဂျီအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ဒါဘီပွဲအပြီးမှာ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ ဘိုအာ့စ်ရဲ့ မာဆေးလ်အသင်းဟာ ပွဲကစားချိန် (၃၁) မိနစ်မှာ တူအာဗင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာ (၂) သင်းပေါင်း ကစားသမား (၅) အထိ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ပွဲချိန်အတွင်း အဝါကတ် (၁၄) ကတ် နဲ့ အနီကတ် (၅) ကတ်အထိ ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

နှစ်ဖက်အသင်းက ကစားသမားတွေ အချင်းများခဲ့ကြပြီး ပီအက်စ်ဂျီက နေမာ၊ ပါရီဒက်စ် နဲ့ ကာဇာဝါ တို့ ထုတ်ပယ်ခြင်းခံခဲ့ရပြီး မာဆေးလ်အသင်းဘက်ကတော့ အမာဗီ နဲ့ ဘန်နီဒက်တို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ပွဲအပြီးမှာ ဘိုအာ့စ်က ပီအက်စ်ဂျီအသင်းဟာ ပိုက်ဆံအများကြီးသုံးခဲ့သော်လည်း ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရှိတာကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့လကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘိုအာ့စ်က “သူတို့ဟာ ၁၀ နှစ်အတွင်း သူတို့ဟာ ၁ ဘီလီယံ ကျော်လောက်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဒါက သူတို့ ပြင်သစ်မှာ အောင်မြင်မှု ရခဲ့တာနဲ့ပဲ ပတ်သက်ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ရချင်ပေမယ့် အမြဲတမ်း ကျရှုံးခဲ့ပါတယ်”လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။



