ကာဗာနီရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ တူချယ်

ပီအက်စ်ဂျီနည်းပြ တူချယ်က တိုက်စစ်မှူး ကာဗာနီရဲ့ ပွဲကစားချိန် ရဖို့ ရုန်းကန်နေရတဲ့ အနေအထားနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကာဗာနီဟာ ဗုဒ္ဓဟူးနေ့က နန်းတက်စ်အသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ လီဂူး ၁ ပွဲစဉ်မှာ ပွဲကစားချိန် (၈၇) မိနစ်၌ လူစားဝင်ရောက်ကစားခဲ့သူဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေတဲ့ တိုက်စစ်ကစားသမားကို မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီ၊ ဒေးဗစ်ဘက်ခမ်းရ့ အင်တာမီယာမီ ၊ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ် နဲ့ လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းတို့က ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားကြပါတယ်။  ကာဗာနီဟာ ယခုနှစ်ဘောလုံးရာသီတွင် လီဂူး ၁ မှာ (၄) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ (၅) ပွဲသာ ကစားထားရသူဖြစ်ပါတယ်။

ဥရုဂွေး လက်ရွေးစင်တိုက်စစ်မှူး အကြောင်းကို သတင်းထောက်များက မေးမြန်းခဲ့ရာ တူချယ်က “ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ကို အရမ်းကို အခက်အခဲဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ နှစ်ဖက်စလုံး သိပါတယ်။ ဒါဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါဟာ ဝမ်းနည်းစရာပါ။ ကျွန်တော်တို့ဟာ နံပတ် (၉) တိုက်စစ်မှူး အပါအဝင် တိုက်စစ်မှူး (၃) ယောက်နဲ့ ပွဲတွေ အများကြီး ကစားခဲ့ပါတယ်။ ကာဗာနီဟာ ရာသီအစတုန်းက ဒဏ်ရာ ရနေခဲ့တာဖြစ်ပြီး ဒါကလည်း သူ့အမှား မဟုတ်ပါဘူး။ မော်ရို အီကာဒီက အဲ့ဒီအချိန် ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးတွေ အများကြီး သွင်းပေးခဲ့ပါတယ်။

တစ်ကယ်လို့ ကျွန်တော်တို့ဟာ ၄-၃-၃ နဲ့ ကစားမယ်ဆိုရင်တောင် တိုက်စစ် ကျောနံပတ် (၉) နေရာမှာ အမ်ဘာပေး၊ အီကာဒီ နဲ့ သူအပါအဝင် သုံးယောက် ရှိနေပါတယ်။ ကျွန်တော်ဝမ်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပွဲထွက်လူစာရင်းမှာ အခုလောလောဆယ် ထည့်ဖို့အတွက် ကျွန်တော့်မှာ အဖြေတစ်ခုတောင် မရှိပါဘူး။ သူဟာ အဲ့လိုမျိုး နဲ့ မထိုက်တန်ပါဘူး။ သူဟာ အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ အသင်းကို စွမ်းဆောင်ရည်ကောင်းတွေလည်း ပေးထားသူပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်ဟာ သူ့ကိုပွဲကစားချိန် အများကြီး မပေးနိုင်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

ကာဗာနီဟာ နာပိုလီအသင်းက ၂၀၁၃-၁၄ ခုနှစ်က ရောက်ရှိလာသူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် (၂) ဂိုးသွင်းယူပေးထားပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344