အေဘရာဟီမိုဗစ်နဲ့ အေစီမီလန်တို့ စာချုပ်သစ်အတွက် သဘောတူညီမှုရတယ်ဆိုတဲ့သတင်းတွေက အတုတွေလို့ အေး ဂျင့် ရွိုင်အိုလာ ပြောကြား

အေဘရာဟီမိုဗစ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာက သူရဲ့ကစားသမားနဲ့ အေစီမီလန်တို့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရထားတယ်ဆိုတဲ့ သတင်းတွေဟာ အတုတွေဖြစ်ပြီး လက်ရှိအချိန်ထိ သဘောတူညီမှု မရသေးကြောင်း ပြောခဲ့ပါတယ်။ အေဘရာဟီမိုဗစ်အနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက အေစီမီလန်ကို ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့လာပြီး နောက် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟီမိုဗစ်အနေနဲ့ ဥရောပထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် သူရဲ့ အသက်အရွယ်ကြောင့် ထိပ်သီးအသင်းတွေအနေနဲ့ခေါ်ယူဖို့ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ အေဘရာဟီ မိုဗစ်ကိုယ်တိုင်ကလည်း ဥရောပပြိုင်ပွဲကစားခွင့်ရတဲ့ အသင်းမှာပဲ ကစားချင်တယ်လို့ ပြောခဲ့တာကြောင့် အေစီမီလန်မှာပဲ ဆက်ကစားဖြစ်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


မီဒီယာတွေကတော့ အေဘရာဟီမိုဗစ်ကို အေစီမီလန်က တစ်နှစ်လုပ်ခပေါင် ၆သန်း၊ ဆုဖလားအောင်မြင်မှုအတွက် ပေါင် ဝ.၅သန်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် နောက်ထပ်ပေါင် ဝ.၅ သန်းထပ်ပေးမယ်ဆိုပြီး စာချုပ်သစ်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကလပ်နဲ့ ကစားသမားကြား သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အေးဂျင့် ရွိုင်အိုလာက သူရဲ့အင်စတာဂရမ်မှာ မိုဗစ်နဲ့အေစီမီလန် တို့ သဘောတူညီမှုရထားတယ်ဆိုတဲ့ သတင်းတွေဟာ အတုတွေ သာဖြစ်တယ်ဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။


အေစီမီလန်အသင်းအနေနဲ့ နည်းပြပိုင်အိုလီရဲ့ လက်အောက်မှာ ရာသီကြိုခြေစမ်းပွဲတွေအတွက် လေ့ကျင့်မှုတွေပြုလုပ်နေ ပေမယ့် အေဘရာဟီမိုဗစ်ကတော့ အသင်းနဲ့ လာရောက်ပူးပေါင်းလေ့ကျင့်တာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။ အေ စီမီလန်အသင်းတာဝန်ရှိသူတွေအနေနဲ့ အေဘရာဟီမိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေပေမယ့် ကစားသမားကတော့ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ အသင်းကိုပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

zawgyi version
