ဂျူဗင်တပ်အနေနဲ့ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် စီရော်နယ်ဒိုကတော့စံချိန်ကောင်းတွေထပ်ပြီး ရနေဆဲ

ပြီးခဲ့တဲ့နေ့က လိုင်ယွန်နဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂျူဗင်တပ်အတွက် သွင်းဂိုးနှစ်ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ စီ ရော်နယ်ဒိုကတော့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်း တဲ့သူ ဖြစ်လာခဲ့ပါတယ်။

လိုင်ယွန်နဲ့ ကစားခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ပထမဂိုးကို ပင်နယ်တီကနေတဆင့်သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးကသူအတွက် ဒီရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၆ ဂိုးမြောက်ဖြစ်ခဲ့သလို ၁၉၃၃-၃၄ ဘောလုံးရာသီက တစ်ရာသီတည်းဂိုးအများဆုံးသွင်းထား တဲ့ ဖိလစ်ဘိုရယ်လ်ရဲ့ စံချိန်ကို လိုက်မီစေခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၆၀ မိနစ်မှာတော့ စီရော်နယ်ဒိုအနေနဲ့ နောက်ထပ်သွင်း ဂိုးတစ်ဂိုးထပ်သွင်းခဲ့တာကြောင့် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၃၇ ဂိုးနဲ့ စံချိန်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လိုင်ယွန်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ နောက်ထပ်ရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုကတော့ ချန်ပီယံလိဂ်မှာ အသင်း ၃သင်းနဲ့ လိုင်ယွန်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုထက် အရင် မတူညီတဲ့ကလပ်အသင်း ၃ သင်းနဲ့ အသင်းတစ်သင်းတည်းကို ဂိုးသွင်းယူနိုင်တဲ့သူတွေက ဂျူဗင်တပ်ကို ဂျော့ဘတ်စ်က သွင်းယူခဲ့တာဖြစ်သလို နစ္စ တယ်ရွိုင်းက ဘိုင်ယန်မြူးနစ်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရခဲ့ပေမယ့် စီရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီ ဂျူဗင်တပ်မှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ အသင်း ဥက္ကဌ အက်ဂ်နယ်လီက ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စီရော်နယ်ဒိုဟာ သူရဲ့အင်စတာဂရမ်မှာ “အသင်း ရဲ့နောက်ဆုံး ၉ နှစ်ဆက် စီးရီးအေချန်ပီယံဆုရခဲ့ရာမှာ ၂နှစ်ပါဝင်နိုင်ခဲ့တာကြောင့် ပျော်ရွှင်မိတယ်” လို့ရေးပြီးတင်ခဲ့ပါ တယ်။ ဒီပို့စ်ကြောင့် အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့စီရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။