ကော်တင်ဟိုကို ကစားချိန်ပိုပေးဖို့ လိုတယ်လို့ ဆိုလိုက်တဲ့ ဘိုင်ယန်နည်းပြ

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ကော်တင်ဟို နဲ့ပတ်သတ်ပြီး သည်းခံပေးရန်တောင်းဆိုပြီး ကွင်းလယ် တိုက်စစ်ကစားသမားကို ကစားချိန်ပိုပေးဖို့ လိုတယ်လို့ ပြောသွားခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘွန်ဒါလီဂါကလပ် ကို ပြီးခဲ့တဲ့ သြဂုတ်လက ဘာစီလိုနာအသင်းကနေ အငှားနဲ့ ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ခံနေရသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဘွန်ဒါလီဂါ အဆင့် (၄) နေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲကစားထားပြီး (၃) ဂိုးသွင်း (၅) ဂိုးဖန်တီးထားသူဖြစ်ပါတယ်။ သို့သော်လည်း အသင်းမှာ ရာသီအကုန်အထိသာ တာဝန်ယူထားတဲ့ နည်းပြ ဖလစ်ခ်က ကော်တင်ဟို အနေနဲ့ ဒီထက်ပိုပြီး အခွင့်အရေးရသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

“တစ်ခါတစ်လေ တစ်ယောက်ယောက်ကို အချိန်နည်းနည်းပိုပေးတာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကော်တင်ဟိုဟာ ဒီမှာ အကြာကြီးရှိနေသူမဟုတ်သေးပါဘူး။ သူဟာ ရာသီကြို ပွဲတွေလည်း မကစားခဲ့ရပါဘူး။ ကျွန်တော်တို့နဲ့ ကြိုတင်ပြင်ဆင်မှု များများစားစား မရှိပါဘူး။ သူဟာ နည်းပြအပြောင်းအလဲနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူ့ကို အချိန်ပေးသင့်တာပါ။ သူဟာ ကောင်းမွန်စွာလည်း ကစားနိုင်ခဲ့ပါတယ်။ ဒက်ဆယ်ဒေ့ါဖ်နဲ့ပွဲမှာ ဂိုးသွင်းပြီး နောက်ထပ် ဖန်တီးမှုလည်း လုပ်ခဲ့ပါတယ်။ ဘယ်လ်ဂရိတ်နဲ့ပွဲမှာ သူဟာ (၂) ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ကျွန်တော် ကျေနပ်ပြီးသားပါ” လို့ နည်းပြက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ စနေနေ့မှာ လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။