ဆီဗီလာရဲ့ ၆ကြိမ်မြောက် ယူရိုပါလိဂ်အောင်ပွဲမှာဟီးရိုးဖြစ်ခဲ့ပေမယ့်အင်တာမီလန်အတွက်ဇီးရိုးဖြစ်သွားတဲ့ လူကာကူ

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူဟာ အသင်းအတွက် ခြေစွမ်းပြပြီး တစ်ရာသီလုံး ၃၄ ဂိုးသွင်းယူနိုင်ခဲ့သလို ဆီဗီလာနဲ့ ပွဲမှာလည်း အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပေမယ့် ဆီဗီလာရသွားတဲ့ အနိုင်ဂိုးက သူရဲ့ဖျက်ထုတ်မှု ကြောင့် ရသွားတာကြောင့် အင်တာမီလန်အတွက် ဟီးရိုးကနေ ဇီးရိုးဖြစ်သွားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ လူကာကူဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၁ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အင်တာမီလန်ဟာ ဆီဗီလာနဲ့ ကစားခဲ့တဲ့ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပွဲအစ ၅မိနစ်မှာပဲ လူကာကူရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၂ မိနစ်မှာ လုခ်ဒီဂျောင်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာလည်း လုခ် ဒီဂျောင်ကပဲ ဆီဗီလာအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ နောက်ခံလူဂိုဒင်က အင်တာမီလန်အတွက် ချေပဂိုးသွင်းယူခဲ့တာဖြစ်လို့ ပထမပိုင်းမှာ နှစ်ဂိုးစီသရေကျခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဟာ အနိုင်ရဖိုအတွက် တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြ ပါတယ်။ ဆီဗီလာအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ ဒီယေဂိုကားလို့စ်ရဲ့ နောက်ပြန်ကန်ချက်ကို လူကာကူဖျက် ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိသွားတာကြောင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဆီဗီလာအနေနဲ့ ချန်ပီယံဖြစ်ခဲ့တာကြောင့် ဗိုလ် လုပွဲတက်တိုင်း အနိုင်ရတဲ့ မှတ်တမ်းကိုလည်း ရရှိခဲ့ပါတယ်။လူကာကူအနေနဲ့ ပွဲအပြီး ဆုတံဆိပ်ချီးမြင့်တဲ့အချိန်မှာတော့ သူရရှိတဲ့ ဒုတိယဆုတံဆိပ်ကို လက်ခံဖို့အတွက် ငြင်းပယ်ခဲ့ တယ်လို့ သိရပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းအတွက် ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၄ ဂိုးသွင်းယူနိုင် တာကြောင့် လွန်ခဲ့တဲ့ ၂၂ နှစ်က အင်တာမီလန်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီခဲ့သလို ဒီနှစ် ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကနေ ဗိုလ်လုပွဲအထိ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်တာကြောင့် ၂၀၁၃ ခုနှစ်က စီရော်နယ်ဒိုရဲ့ ဥရောပပြိုင်ပွဲ ၆ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကိုလည်း လိုက်မီသွားခဲ့ပါတယ်။