ယူနိုက်တက် ထွက်ခဲ့ရတာကြောင့် ဒီနှစ် ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်းတွေ ဆုဖလားရရန် မရှိတော့

အင်္ဂလန်ကိုယ်စားပြုကလပ်တွေအနေနဲ့ ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ကစား ကြရာမှာ ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာ ယူနိုက်တက် တစ်သင်းတည်းပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆီဗီလာနဲ့ ကစားတဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှ ယူနိုက်တက်ဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူတာတွေကို ခွင့်ပြုပေးခဲ့ရာတာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက်မှာတော့ အင်္ဂလန်ကိုယ်စားပြု အသင်းတွေအနေနဲ့ ဒီနှစ်အတွက် ဥရောပလိဂ်ပြိုင်ပွဲတွေမှာ ဆုဖလားရယူနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပွဲအပြီးမှာတော့ ပိုကောင်းတဲ့အသင်းက ရှုံးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ BT Sport ကနေတဆင့် မက်ဂွိုင်းယားက “ တကယ်ကိုခက်ခဲတဲ့ပွဲတစ်ပွဲပါ။ သူတို့က ကျွန်တော်တို့ အိပ်မက်တွေကို ဖျက် ဆီးခဲ့ပါတယ်။ ယူနိုက်တက်က အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဆီဗီလာကတော့ အခွင့်အရေး သိပ်မရခဲ့ ဘူးလို့ ဆိုရမှာပါ။ ဖြတ်တင်ဘောတွေကချည်း နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒီနှစ်မှာ ဆီမီးဖိုင်နယ်အဆင့်တွေကပဲ ထွက်ခဲ့ရတာ သုံးကြိမ် ရှိပါပြီ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးပြီး ထွက်ခဲ့ရသလို လိဂ်ဖလား ဆီမီးဖိုင်နယ်မှာလည်း မန်စီးတီးကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက် ဟာ ဒီရာသီမှာ ဆုဖလားတစ်လုံးမှ အောင်မြင်မှုမရခဲ့ဘဲအဆုံးသတ်ခဲ့သလို နောက်ဆုံး ၃၁ နှစ်အတွင်းမှာလည်း ဆုဖလား အောင်မြင်မှုနဲ့ အချိန်အကြာဆုံးဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၃ ရာသီဆက်တိုက် ဆုဖလား အောင်မြင်မှု တစ်ခုမှ မရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဆီဗီလာကို ရှုံးခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းသားတွေဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ လင်ဒီလော့ဖ်တို့ အချင်းများမှုနဲ့ ပတ်သက်ပြီး တော့လည်း ဘောလုံးပွဲတစ်ပွဲမှာ ဖြစ်ပျက်နေကျအဖြစ်အအပျက်သာဖြစ်ကြောင်း ဖာနန်ဒက်စ်ကပြောခဲ့ပါတယ်။ ဆီဗီလာ အတွက် လုခ်ဒီဂျောင်က အနိုင်ဂိုးသွင်းယူပြီးနောက်မှာတော့ ဖာနန်ဒက်စ်နဲ့ လင်ဒီလော့ဖ်တို့ အချင်းများခဲ့တာပဲ ဖြစ်ပါတယ်။