ယူနိုက်တက်အသင်းက စိတ်ဓာတ်ပိုင်းလိုအပ်နေတာမဟုတ်ပဲ မှော်ဆန်တဲ့ဖြစ်ရပ်မျိုး လိုအပ်နေတာလို့ ဆိုလိုက်တဲ့ နည်းပြဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူ့အသင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘာလိုအပ်ချက်မှ မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဘရွန်းနဲ့ (၁-၁) သရေကျခဲ့ပြီး ချန်ပီယံဆုတိုက်ပွဲအတွက် (၂) မှတ်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာပဲ ရပ်တည်နေတာဖြစ်ပေမယ့် ချဲလ်ဆိးအသင်းကလည်း အဆင့် (၄)အတွင်းကို တစ်ဖြည်းဖြည်း ဝင်ရောက်လာနေပါတယ်။

အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မေးမြန်းရာမှာ ဆိုးလ်ရှားက သတင်းထောက်များကို “စိတ်ဓာတ်ပိုင်းက မှန်ကန်ပါတယ်။ ကျွန်တော်လည်း ဒါကို အာရုံစိုက်နေတာပါ။ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားအားလုံးက သူတို့တာဝန်ကို အကောင်းဆုံး လုပ်နေပါတယ်။ ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။ ပွဲအတွင်းက အရည်အသွေးတွေပေါ်ပဲ မူတည်တာပါ။ ပရီးမီးယားလိဂ်မှာ (၅) သင်းပဲ ကစားရတာဆိုရင်တော့ ဒါက အရေးမကြီးပါဘူး။

ဒါပေမယ့် အသင်းအားလုံးက လက်ရှိမှာ အကောင်းဆုံး ကစားနေတာဖြစ်လို့ စိတ်ဓာတ်ပိုင်းကောင်းရုံနဲ့ အနိုင်မရနိုင်ပါဘူး။ ကျွန်တော်တို့ စွမ်းဆောင်ရည် ဒီထက်ကောင်းဖို့ လိုအပ်နေပါတယ်။ ကံကောင်းဖို့လည်း လိုအပ်နေပြီး အဆုံးသတ်ပိုင်းလည်း သေချာပေါက် ကောင်းဖို့ လိုအပ်နေပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။



