ပေါ့ဘာက ပုံမှန်ခြေစွမ်းရရင် အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်

ဖာဒီနန်က မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ လှပတဲ့ အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ပေါ့ဘာကို ချီးကျူးသွားခဲ့ပါတယ်။ ပြင်သစ်ကစားသမားဟာ ဆိုးလ်ရှားရဲ့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပြီး ပွဲကစားချိန် (၆၅) မိနစ်မှာ ဘယ်ခြေနဲ့ အဝေးကနေ အနိုင်ရစေမယ့် ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီဂိုးက ယူနိုက်တက်ကို လက်စတာနဲ့ မန်စီးတီးအသင်းတို့အထက် အမှတ်ပေးဇယားထိပ်ဆုံး ကို ရောက်စေခဲ့တာဖြစ်ပြီး ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ပေါ့ဘာရဲ့ လက်ရှိ အရည်အသွေးက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ထဲက တစ်ခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ဒီနေ့ ပေါ့ဘာ ကစားခဲ့တာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ခံစစ်ပိုင်းရော အခွင့်အရေးဖန်တီးမှုပိုင်းမှာပါ ကောင်းခဲ့ပါတယ်။ အရမ်းကွာခြားသွားတာက သူဟာ တုံ့ဆိုင်းလေးလံမှု မရှိပဲ မြန်မြန်ဆန်ဆန်ကစားသွားခဲ့တာပါပဲ။ အိုလီကတော့ သူ့ကို အလုံးစုံ ယုံကြည်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်”လို့ ဖာဒီနန်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။



