ဒီယယ်လို အသင်းမှာ အထိုင်ကျအောင် ကူညီပေးသွားမယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နောက်ခံလူ အဲရစ်ဘာယီ

ယူနိုက်တက်နောက်ခံလူ အဲရစ်ဘာယီဟာ အသင်းဖော်သစ် ဒီယယ်လို ကို နွေးထွေးစွာ ကြိုဆိုသွားခဲ့ပါတယ်။ တောင်ပံကစားသမားဟာ အတ္တလန္တာအသင်းကနေ ရောက်ရှိလာသူဖြစ်ပြီး ဘာယီက တစ်နိုင်ငံတည်းသားလေး အိုင်ဗရီကိုစ့်ကစားသမားကို ပျော်ရွှင်စွာ စောင့်နေသူဖြစ်ပါတယ်။

ဘာယီက အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ကြီးမားတဲ့ အရည်အသွေးရှိသူဖြစ်သော်လည်း ယူနိုက်တက် ပရိသတ်တွေအနေနဲ့ ဒီယယ်လိုအပေါ် စိတ်ရှည်ပေးပါရန် ပြောသွားခဲ့ပါတယ်။ တောင်ပံကစားသမားလေးဟာ အတ္တလန္တာအသင်းမှာ စီးရီးအေ (၄) ပွဲပဲ ကစားခဲ့ပေမယ့် အီတလီ နဲ့ အိုင်ဗရီကိုစ့်မှာတော့ အရည်အသွေးရှိ ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။

“ အာမက်ဒ်ကို ကျွန်တော်သိပါတယ်။ သူနဲ့ စကားပြောပြီးပါပြီ၊ သူဟာ ငယ်ရွယ်ပြီး အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဘယ်လူသစ်ကစားသမားကိုမဆို ကျွန်တော်တို့ စိတ်ရှည်ပေးရန် အလွန်အရေးကြီးပါတယ်။ သူကောင်းကောင်းလုပ်ပြမယ်ဆိုတာ သိပေမယ့် သူ့ကို စိတ်ရှည်ပေးဖို့ အရေးကြီးပါတယ်” လို့ ဘာယီက ယူနိုက်တက် တရားဝင် ဝက်ဘ်ဆိုဒ်မှာ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဘာယီက ဒီယယ်လို အသင်းမှာ အမြန်ဆုံးအထိုင်ကျရန် ကူညီသွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။ယူနိုက်တက်ပရိသတ်တွေကလည်း လူငယ်ကစားသမားရဲ့ စွမ်းဆောင်ရည်ကို မြင်ချင်နေကြတာ ဖြစ်ပါတယ်။

“ သူ့ကို ကူညီဖို့ ကျွန်တော်အဆင်သင့်ပါပဲ။ ကျွန်တော်ဟာ လူတိုင်းကို ကူညီဖို့ အဆင်သင့်ဖြစ်နေသူပါ။ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ဒီအသင်းကို ရောက်လာတုန်းကလည်း မှတ်မိပါသေးတယ်။ ရွန်းနီ၊ အီဘရာဟီမိုဗစ်၊ အန်တိုနီယိုဗလင်စီယာတို့က ကျွန်တော့်ကို အများကြီး ကူညီခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေ ရောက်လာတိုင်း သူ့တို့ကို အကူညီပေးဖို့ အရေးကြီးပါတယ်”လို့ ဘာယီက ထပ်ပြီးပြောသွားခဲ့ပါတယ်။




