အခွင့်အရေးတွေ ဖန်တီးမပေးနိုင်တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်လိုက်တဲ့ အူဘာမီးယန်းရဲ့ အေးဂျင့်ဖြစ်သူ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းရဲ့ အေးဂျင့်ဖြစ်သူက နည်းပြ အာတီတာနဲ့ သူ့ရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်အပြစ်တင်သွားခဲ့ပါတယ်။ တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က စပါးအသင်းကို အဝေးကွင်းမှာ (၂-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲမှာလည်း ဂိုးပေါက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အေးဂျင့်ဖြစ်တဲ့ Kwaku Mensah က သူ့ရဲ့ အင်စတာဂရမ်မှာ အာဆင်နယ်အသင်းရဲ့ ဖန်တီးနိုင်စွမ်းပျောက်ဆုံးနေတာကို ပို့စ်တင်ခဲ့ပါတယ်။ အဲ့ဒါက ဒီရာသီ ပရီးမီးယားလိဂ် မှာ အာဆင်နယ်အသင်းဟာ အခြားအသင်းတွေထက် ဖန်တီးမှု နည်းပါးနေတာပဲ ဖြစ်ပါတယ်။ ပိုစ့်ရဲ့ ခေါင်းစဉ်ကတော့ “ အခွင့်အရေးတွေသာ ဖန်တီးပေးနိုင်မယ်ဆိုရင်” လို့ ရေးခဲ့ပါတယ်။

သူက အသက် ၃၁ နှစ်အရွယ် အူဘာမီးယန်းကို အခွင့်အရေးတွေသာ ဖန်တီးပေးနိုင်မယ်ဆိုရင် ဂိုးသွင်းနိုင်တယ်လို့ ဆိုလိုခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၂၂) ဂိုးသွင်းပေးခဲ့သူပါ။ သို့သော်လည်း သူဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် (၁၁) ပွဲကစားပြီး (၂) ဂိုးသာ သွင်းပေးထားနိုင်သူ ဖြစ်ပါတယ်။



