ဆိုးလ်ရှားနေရာမှာ အစားထိုးရန် ပိုချက်တီနိုကို ယူနိုက်တက် ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်

ယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားနေရာမှာ အစားထိုးရန် ပိုချက်တီနိုကို ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ အာဆင်နယ် နဲ့ ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ် အသင်းတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်း နည်းပြဆိုးလ်ရှားရဲ့ ရာထူးနေရာဟာ မေးခွန်းထုတ်ခြင်းခံနေရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် (၆) ပွဲကစားပြီးနောက်ပိုင်း အဆင့် (၁၅) နေရာမှာ ရပ်တည်နေရပြီး ၁၉၇၂-၇၃ နောက်ပိုင်း အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ အဖွင့်ပွဲ (၄) ပွဲစလုံး တစ်ပွဲမှ မနိုင်ခဲ့တဲ့ စံချိန်ဆိုးတွေကိုပါ ရရှိနေပါတယ်။ Manchester Evening News သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက် အကြီးအကဲတွေဟာ အသင်းရဲ့ နည်းပြနေရာကို ပိုချက်တီနို နဲ့ အစားထိုးရန် ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

အစ္စတန်ဘူလ်ကို ဗုဒ္ဓဟူးနေ့ညက (၂-၁) နဲ့ ရှုံးခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြေဆိုရန် ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။



