လီဗာပူးလ်နဲ့ချဲလ်ဆီးအသင်းမှာတွဲကစားခဲ့ဖူးသမျှအကောင်းဆုံး(၁၁)ယောက်ကိုရွေးချယ်ပေးခဲ့တဲ့ တောရက်စ်


ချဲလ်ဆီး နဲ့ လီဗာပူးလ်အသင်းတို့မှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း တောရက်စ်က အသင်းဟောင်း (၂) သင်းက အကောင်းဆုံး ကစားသမား (၁၁) ယောက်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ အဆိုပါ (၁၁) ယောက်မှာ ဟာဇက် နဲ့ ကာရေဂါတို့တော့ မပါဝင်ခဲ့ပါဘူး။တောရက်စ်ဟာ လီဗာပူးလ်အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိကစားခဲ့ပြီးနောက ်ချဲလ်ဆီးအသင်းထံ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

ချဲလ်ဆီးအသင်းမှာ တောရက်စ်ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အနားယူသွားပြီးနောက် စတန်းဖိုဒ့်ဘရစ်ချ်ကို ပြန်သွားပြီး အသင်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ရာ လီဗာပူးလ် နဲ့ ချဲလ်ဆီး (၂) သင်းပေါင်း အကောင်းဆုံး ကစားသမား (၁၁) ယောက်ကို ရွေးထုတ်ပေးရန် တောင်းဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ တောရက်စ်အတွက်တော့ လွယ်ကူတဲ့ ရွေးချယ်မှု မဟုတ်ခဲ့ပဲ နာမည်ကျော်တစ်ချို့တော့ မပါဝင်ခဲ့ပါဘူး။

သူက “ကျွန်တေ်ာ ချဲလ်ဆီး နဲ့ လီဗာပူးလ်မှာ (၂) သင်းကနေ (၃) သင်းစာလောက် လူစာရင်းနဲ့ ကျွန်တော်ကစားခဲ့ပါတယ်။ သူတို့ တွေအားလုံးကလည်း နှစ်တိုင်း ပရီးမီးယားလိဂ်ဖလား ရနိုင်လောက်အောင် ကောင်းကြပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
ဂိုးသမားနေရာမှာတော့ တောရက်စ်ဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း အတူတူကစားခဲ့တဲ့ ရီနာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ရီနာ နဲ့ ကျွန်တော်က လီဗာပူးလ်မှာကော လက်ရွေးစင်အသင်းမှာပါ အတူတူ ဖြတ်သန်းခဲ့ပါတယ်။ ပီတာချက်ကလည်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ပါ။ နည်းပြတစ်ယောက်အနေနဲ့ ရွေးရမယ်ဆိုရင်တော့ တစ်ကယ်ကို ခက်ခဲပါတယ်”လို့ ရီနာကို ရွေးချယ်သွားတဲ့အပေါ် ပြောသွားခဲ့ပါတယ်။

နောက်တန်း (၄) ယောက်ရဲ့ ဗဟိုခံစစ်နေရာတွေမှာတော့ တောရက်စ်က ကြိုးကြာနီ ဂန္တဝင် ကာရေဂါကို ချန်ခဲ့ပြီး တယ်ရီ နဲ့ ဟစ်ပီယာတို့ကို ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ “ဗဟိုခံစစ်နေရာမှာတော့ ဟစ်ပီယာ နဲ့ တယ်ရီကို ရွေးချယ်ပါတယ်။ သူတို့ (၂) ယောက်စလုံးက ဘောလုံး နဲ့ရော ဘောလုံးမရှိတဲ့အခါမှာရော တစ်ကယ်ကို ကောင်းကြသူတွေပါ။ ဒါ့အပြင် သူတို့ (၂) ယောက်တွဲဆိုရင် ပိုပြီးလည်း ကောင်းမယ်လို့ထင်ပါတယ်” လို့ ဗဟိုနောက်ခံလူ (၂) ယောက်နေရာအတွက် ပြောသွားခဲ့ပါတယ်။

နောက်ခံအစွန်(၂) နေရာအတွက်တော့ ချဲလ်ဆီးက အက်ရှ်လေကိုး နဲ့ အိုင်ဗန်နိုဗစ်တို့ (၂) ယောက်ကို ရွေးချယ်သွားခဲ့ပြီး ကစားကွက်ကတော့ (၄-၃-၃) ဖြစ်ပါတယ်။

“ကွင်းလယ်လူနေရာ ရွေးချယ်ရတာကတော့ အခက်အခဲဆုံး အပိုင်းပါ။ ကျွန်တော်ဟာ အကောင်းဆုံးကွင်းလယ်လူအချို့နဲ့ တွဲကစားခဲ့ဖူးပါတယ်။ အဲ့ဒီထဲမှာ အသိသာအထင်ရှားဆုံးကတော့ လမ်းပတ် နဲ့ ဂျရတ်ပါပဲ

သူတို့ (၂) ယောက်စလုံးကို ကွင်းလယ်အတွက် ရွေးချယ်ပါတယ်။ နောက်ထပ် တစ်နေရာအတွက်တော့ လမ်းပတ် နဲ့ ဂျရတ်အနောက်မှာ ကစားဖို့ အလွန်ဆိုကို ရွေးချယ်လိုက်ပါတယ်”


“တိုက်စစ်မှာတော့ အထောင်တိုက်စစ်မှူးကို ဒရော့ဘာကို ရွေးချယ်ခဲ့ပြီး ဘယ်တောင်ပံ တိုက်စစ်မှာတော့ ဘီနာယောင်ကို ရွေးချယ်ခဲ့ပါတယ်။ ဘီနာယောင်ဟာ ချဲလ်ဆီး နဲ့ လီဗာပူးလ် (၂) သင်းစလုံးမှာ ကစားခဲ့သူဖြစ်ပါတယ်။ သူက အရမ်းကိုကောင်းတဲ့ သူငယ်ချင်းတစ်ယောက် နဲ့ အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ပါ။

သူနဲ့ကစားရတာ ကျွန်တော့်အတွက် အရမ်းကို လွယ်ကူပါတယ်။ သူဟာ အခွင့်အရေးတွေ အမြဲတမ်းဖန်တီးပေးပြီး ဘယ်သူမှ မမြင်နိုင်တဲ့ နေရာလွတ်တွေကို ရှာဖွေတတ်သူပါ”

“ညာခြမ်းတိုက်စစ်အတွက်တော့ ဒရစ်ကောက် ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ အမြဲတမ်း အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းပေးခဲ့ပြီး အရမ်းလည်း ကြိုးစားတတ်သူပါ။ လူတွေက သူဘယ်လောက် ကောင်းလဲဆိုတာ မချီးကျူးကြပေမယ့် ကျွန်တော်ကတော့ သူနေ့တိုင်း လေ့ကျင့်ရေးမှာ ဘယ်လိုကြိုးစားသလဲဆိုတာကို မြင်ရပါတယ်”လို့ တောရက်စ်က ရွေးချယ်ပေးသွားခဲ့ပါတယ်။