ပီအက်စ်ဂျီကွင်းလယ်လူ ဂေယီကို ခေါ်ယူရန် ဆက်သွယ်နေတဲ့ ဝက်စ်ဟမ်း နဲ့ ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ်က (၂) သင်းဖြစ်တဲ့ ဝက်စ်ဟမ်း နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ ပီအက်စ်ဂျီကွင်းလယ်လူ ဂေယီကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းကမှ အဲဗာတန်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂေယီကို အင်္ဂလန်ပရီးမီးယားလိဂ်က အသင်းတွေက ပြန်လည်ဆက်သွယ်နေတာဖြစ်ပါတယ်။

ဂေယီကို အစောပိုင်းတုန်းက ဝုလ်ဗ် နဲ့ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့် အခုအခါတော့ သတင်းမထွက်တော့ပါဘူး။ သို့သော်လည်း ယခုအခါ ခရစ္စတယ်ပဲလေ့စ်အသင်းက ဂေယီကို ခေါ်ယူရန် အပြင်းအထန် ဆက်သွယ်နေတယ်လို့ ပြင်သစ်က သတင်းများက ဖော်ပြနေကြတာဖြစ်ပါတယ်။ ဒ့ါအပြင် ဝက်စ်ဟမ်းအသင်းကလည်း ဒီတစ်ပတ်မှာ ကမ်းလှမ်းမှု လုပ်ထားသေးတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ ၂၀၁၅ ခုနှစ်က လိုင်လီအသင်းကနေ အက်စတွန်ဗီလာအသင်းကို ပေါင် ၉သန်း နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့နောက်တစ်နှစ်မှာ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။သူက အဲဗာတန်အသင်းအတွက် (၃) ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၀၈ ပွဲကစားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ပီအက်စ်ဂျီအသင်းက မနှစ်က ဇူလိုင်လက ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲကစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ကွင်းလယ်ကစားသမားကို မှန်ကန်တဲ့ ဈေးနှုန်းရရင် ရောင်းချသွားမယ်လို့ ပြောထားခဲ့ပါတယ်။




 
