ဈေးကွက်ထဲမှာ ကစားသမားအသစ်တွေ ထပ်ခေါ်ရန် လှုပ်ရှားမှု ရှိနေသေးတယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းကို အင်အားထပ်မံဖြည့်တင်းရန် အပြောင်းအရွှေ့မှာ လှုပ်ရှားနေသေးတယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြဟာ အသင်းအတွက် ချဲလ်ဆီးမှ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေး ၊ လိုင်လီနောက်ခံလူ ဂါဘရီရယ်လ်ကို ပေါင် ၂၇ သန်းနဲ့ အသီးသီးခေါ်ယူထားတာဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်အသင်းဟာ လိုင်ယွန်က ဟောက်ဆန်အဝါး နဲ့ အက်သလက်တီကိုမက်ဒရစ်က သောမတ်စ်ပါတေးတို့ကို ဆက်သွယ်မှုတွေ လုပ်နေထားပြီး နည်းပြအာတီတာကိုယ်တိုင်ကလည်း သူ့အသင်းဟာ ဈေးကွက်ထဲမှာ လှုပ်ရှားနေသေးတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ မတူညီတဲ့ နေရာတွေအတွက် ရှာဖွေနေပါတယ်။ ကျွန်တော်တို့ဟာ ကစားသမားအသစ်ခေါ်ယူရန် နဲ့ ရောင်းချရန် ဈေးကွက်ထဲမှာ လှုပ်ရှားနေတယ်လို့ ပြောရမှာပါ။ အခုတော့ အသင်းကို အင်အားဖြည့်တင်းရန် လုပ်ချင်နေတာပါ” လို့ နည်းပြအာတီတာက စနေနေ့ ဖူလ်ဟမ် နဲ့ ကစားမယ့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။



