PFA အကောင်းဆုံးဆုကိုလူကြီးမှာဒီဘရူနီ ၊လူငယ်မှာအာနိုးလ်နဲ့အကောင်းဆုံးအသင်းမှာလီဗာပူးကစားသမား(၅)ဦးအထိပါဝင်ခဲ့

ပြီးခဲ့တဲ့ဘောလုံးရာသီက အကောင်းဆုံးစွမ်းဆောင်ရည်ပြခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ပြီး အကောင်းဆုံးဆုချီးမြင့်တဲ့ PFA အကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရူနီက ချန်ပီယံဖြစ်သွားတဲ့ လီဗာပူးအသင်းက,က စားသမား ၄ ယောက်ကို ကျော်ဖြတ်ပြီးရယူသွားနိုင်ခဲ့ပါတယ်။ ဆန်ကာတင်နောက်ဆုံး ၆ဦးစာရင်းမှာ လီဗာပူးက ၄ဦးနဲ့ မန်စီးတီးက ၂ ဦး ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

PFA အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဒီဘရူနီဟာ မန်စီးတီးအသင်းသမိုင်းတစ်လျှောက်မှာ PFA အကောင်းဆုံး ဆုကို ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒီဘရူနီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အကောင်းဆုံးခြေ စွမ်း ပြနိုင်ခဲ့တာကြောင့် ပရီးမီးယားဘောလုံးအဖွဲ့ချုပ်က ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဘရူနီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်နိုင်ခဲ့သလို ဂိုးပါဝင်ပတ်သက်မှုမှာလည်း အများဆုံး ဖြစ်ခဲ့ပါတယ်။

PFA ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆန်ကာတင်စာရင်းရဲ့ လူကြီးရော လူငယ်မှာပါ, ပါခဲ့တဲ့ လီဗာပူးနောက်ခံ လူ အာနိုးလ်က ရရှိခဲ့ပါတယ်။ အာနိုးလ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းအတွက် လိဂ်ပွဲစဉ် ၃၈ ပွဲစလုံးပါဝင်ပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ နှစ် ၃၀ ကြာဝေးကွာနေတဲ့ လီဗာပူးရဲ့အမှတ်ပေးချန်ပီယံဆုကို ပြန်ရယူနိုင်ခဲ့တဲ့ အသင်းမှာ အာနိုးလ်ဟာ အဓိက,ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

PFA က ရွေးချယ်တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံးအသင်းမှာတော့ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းက, ကစားသမား ၅ ယောက်အထိပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးအသင်းကို ၄-၃-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာ ဘန်လေဂိုးသမား နစ်ပုတ်၊နောက်တန်းကစားသမားတွေမှာ လီဗာပူးက အာနိုးလ်၊ရော်ဘင်ဆန် နဲ့ ဗန် ဒိုက်ခ်၊ လက်စတာက ဆိုရန်ကုနဲ့ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ် ၃ဦးမှာတော့ လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆန်နဲ့အတူ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရူနီတို့ပါဝင်ခဲ့ပါတယ်။ တိုက်စစ် ၃ဦးမှာတော့ လက်စတာက ဗာဒီ၊ အာဆင်နယ်က အူဘာမီယန်နဲ့ လီဗာပူးက မာနေးတို့ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။