တန်းဆင်းသွားတဲ့ဝက်ဖိုဒ့်အသင်းရဲ့ကွင်းလယ်လူဒိုကူရီကိုပေါင်(၂၂)သန်းနဲ့ခေါ်ယူလိုက်တဲ့အဲဗာတန်အသင်း


အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းသွားတဲ့ ဝက်ဖိုဒ့်အသင်းက ကွင်းလယ်လူ ဒိုကူရီ ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ အဲဗာတန်အသင်းကို ပေါင် ၂၂ သန်း (၄) နှစ်စာချုပ်နဲ့ ပြောင်းရန် သဘောတူညီမှုရခဲ့တာပါ။သူဟာ အဲဗာတန်အသင်းမှာ ကျောနံပါတ် (၁၆) ကို ဝတ်ဆင်မှာဖြစ်ပြီး အဲဗာတန်အသင်းကို ပြောင်းရန် အကြာကြီးစောင့်နေခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်။

“ဒီကိုလာဖို့ ကျွန်တော်စောင့်နေတာ ကြာပါပြီ။ အခုရောက်ပြီဖြစ်လို့ ကျွန်တော် အရမ်းပဲ ပျော်ပါတယ်။ ကျွန်တော့်ကို စိတ်ဝင်စားနေတဲ့ အသင်းအချို့ ရှိပေမယ့် အဲဗာတန်အသင်းက စိတ်ဝင်စားတာကို သိလိုက်ရတဲ့အခါ အေးဂျင့်ကို အဲဗာတန်ကိုပဲ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။

ဒီအသင်းကိုပဲ ကျွန်တော် ပြောင်းချင်ခဲ့တာပါ။ အဲဗာတန်အသင်းက အင်္ဂလိပ်ဘောလုံးမှာ သမိုင်းကြီးမားတဲ့ အသင်းဖြစ်ပြီး ကျွန်တော့် ကစားသမားဘဝအတွက်လည်း အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ အနာဂတ်အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” လို့ ဒိုကူရီက အသင်းဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ တနလာၤနေ့က ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို အပြီးသတ်ခေါ်ယူပြီးနောက်ပိုင်း ဒိုကူရီကို ထပ်မံခေါ်ယူနိုင်ခဲ့တာပါ။ ဒိုကူရီကို ဇန်နဝါရီတုန်းက ပြင်သစ်လီဂူး ၁ ကလပ် ပီအက်စ်ဂျီအသင်းက ဆက်သွယ်မှု လုပ်ခဲ့ပါသေးတယ်။ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့အပတ်ကလည်း နာပိုလီ ကွင်းလယ်လူ အလန်ကိုလည်း ပေါင် ၂၁ သန်းနဲ့ ခေါ်ထားပါတယ်။ အီတလီနည်းပြ အန်စလော့တီဟာ ရာသီသစ်အတွက် အသင်းကို အမှန်အကန် ပြင်ဆင်နေတာဖြစ်ပါတယ်။