ဗန်ဒီဘိခ်ကို ယူနိုက်တက်က ပရိသတ်တွေကျေနပ်စေရန် ဝယ်ယူခဲ့တာနဲ့တူပြီး ရုန်းကန်ရနိုင်တယ်လို့ ဝေဖန်လိုက်တဲ့ ပေါလ်မာဆင်

ယူနိုက်တက်အသင်းဟာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူရန် ဆုံးဖြတ်လိုက်တာက အလောတကြီးဝယ်ယူလိုက်တာနဲ့ တူတယ်လို့ ပေါလ်မာဆင်က ဝေဖန်သွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ယူနိုက်တက်အသင်းဟာ ပေါင်သန်း ၄၀ နဲ့ ဒီတစ်ပတ်မှာ အေဂျက်အသင်းဆီကနေ ဝယ်ယူသွားခဲ့တာပြီး ဆိုးလ်ရှားရဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ပထမဆုံးခေါ်ယူမှုကို ချက်ခြင်းပဲ လုပ်သွားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ဆိုးလ်ရှားရဲ့အသင်းမှာ ယူနိုက်တက်ကြယ်ပွင့်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် နဲ့ ပေါ့ဘာ တို့နဲ့ အတူပူးပေါင်းရမှာဖြစ်ပေမယ့် စကိုင်းစပေါ့ ဘောလုံးဝေဖန်သူဖြစ်တဲ့ ပေါလ်မာဆင်က ဒက်ချ်ကစားသမားကို ယူနိုက်တက် ပရိသတ်တွေကျေနပ်စေရန် ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ပေါလ်မာဆင်က “ယူနိုက်တက် ဗန်ဒီဘိခ်ကို အလောတကြီး ဝယ်ယူလိုက်တာနဲ့ တူပါတယ်။ သူတို့က သူတို့အသင်းမှာ အင်အားတောင့်တင်းပြီးသားနေရာကို ပေါင်သန်း ၄၀ ပေးပြီးခေါ်ယူလိုက်တာဖြစ်ပါတယ်။ သူက ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ ဘယ်လိုကစားမှာလဲ? အဲ့ဒီနေရာမှာ ကစားနိုင်တဲ့ ကစားသမားတွေရှိပြီးသားပါ။ အဲ့ဒီခေါ်ယူမှုက ကျွန်တော့်ကို “အိုလီက ဘယ်သူ့ကိုမှ မဝယ်ရသေးဘူး၊ တစ်ယောက်ယောက်မြန်မြန်သွားဝယ်၊ ဘယ်သူ့ကို ဝယ်လို့ရမလဲ”ဆိုတာနဲ့ တူစေပါတယ်” လို့ ဒေးလီးစတားသတင်းဌာနကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကို မခေါ်ယူခင်တုန်းက ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကြယ်ပွင့် ဂျာဒွန်ဆန်ချိုကို ခေါ်ယူတာမရခဲ့လို့ အပြောင်းအရွှေ့ဈေးကွက်မှာ စိတ်ရှုပ်နေခဲ့တာပါ။ အသက် ၂၀ အရွယ်အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူရန် ဒေါ့မွန်အသင်းနဲ့ ယူနိုက်တက်အသင်းကြား သဘောတူညီမှု မရခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ ဂျာဒွန်ဆန်ချိုကို ခေါ်ယူရန် အောက်တိုဘာလ (၅) ရက်နေ့အထိ အချိန်ရပါသေးတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကိုလည်း ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။