Sex ပါတီလုပ်ခဲ့တာကြောင့်စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တယ်ဆိုပြီးဝန်ခံခဲ့တဲ့မန်စီးတီးနောက်ခံလူဝေါ်လ်ကာ

မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာက ဧပြီလတုန်းက တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးကြောင့် လော့ခ်ဒေါင်း ကျထားချိန်မှာ တားမြစ်ထားတဲ့စည်းကမ်းတွေကို ချိုးဖောက်ပြီး သူအနေနဲ့ Sex ပါတီလုပ်ခဲ့တာကြောင့် ဆုံးဖြတ်ချက် တွေမှားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဝေါ်လ်ကာအနေနဲ့ အမျိုးသမီးနှစ်ယောက်ကို ခေါ်ယူပြီး သူရဲ့ နေအိမ်မှာပဲ ပါတီပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒါအပြင် မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာအနေနဲ့ မေလတုန်းက နောက်ထပ်တစ်ခါ ကိုရိုနာကြောင့် ထုတ်ပြန်ထားတဲ့ စည်း မျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး ရှက်ဖီးမြို့မှာ ရှိတဲ့ သူရဲ့မိဘနဲ့ အစ်မ အိမ်ကို သွားရောက်လည်ပတ် ခဲ့တယ်လို့လည်း သိရပါ တယ်။ BBC Radio 5 နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ဝေါ်လ်ကာက သူလိုလူသိများတဲ့သူတစ်ယောက်အနေနဲ့ သူများတွေထက် ပိုပြီး စည်းမျဉ်းတွေကို လိုက်နာသင့်တယ် လို့ ပြောခဲ့ပါတယ်။

ဝေါ်လ်ကာက “ အင်္ဂလန်နိုင်ငံအတွက် အရေးကြီးနေတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ အမှားတွေကို လုပ်ခဲ့မိပါတယ်။ အခု အကောင်းဆုံး ရှေ့ဆက်နေတယ်ဆိုပေမယ့် ကျွန်တော်လုပ်ခဲ့တာတွေအတွက် ကျွန်တော်အနေနဲ့ အပြည့်အဝ တာဝန်ယူ နိုင်ပါတယ်။ လူအများကသိတဲ့ သူတစ်ယောက်အနေနဲ့ အခုလိုလုပ်ရပ်တွေပြုလုပ်ခဲ့တာ မှားတယ်ဆိုတာကို သိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဝေါ်လ်ကာရဲ့ ထုတ်ဖော်ဝန်ခံမှုနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လူသားတွေဖြစ်တဲ့အတွက် အမှားပြုလုပ် နိုင်တယ်လို့သာ မှတ်ချက်ပြုခဲ့ပြီး နေရှင်းလိဂ်ကစားမယ့်အသင်းမှာ ဝေါ်လ်ကာကို ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။မန်စီးတီး နည်းပြဖြစ်တဲ့ ဂွါဒီယိုလာကတော့ ဝေါ်လ်ကာအနေနဲ့ ရဲရင့်တဲ့ထုတ်ဖော်ပြောဆိုမှုတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်တယ်ဆိုပြီး မှတ် ချက်ပေးခဲ့ပါတယ်။