အသက်အရွယ်က ကိန်းဂဏန်းတစ်ခုသာ ဖြစ်ပြီး ဂရင်းဝုဒ်အနေနဲ့ ပိုကောင်းလာဦးမယ်လို့ ပြောခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစား သမား ဂရင်းဝုဒ်အနေနဲ့ ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေကို အသင်းအတွက် ပြသနိုင်ဦးမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အသင်း လူငယ်အကယ်ဒမီကထွက်ပေါ်လာပြီး အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်အနေနဲ့ ယူနိုက်တက်အတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းကမှ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် ကွင်းလယ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းရဲ့ကစားပုံလည်း ကောင်းလာခဲ့ပါတယ်။ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်တို့လို ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၃ နေရာရခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင် နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ ဂရင်းဝုဒ်အနေနဲ့ ဒီရာသီမှာ အံသြဖွယ်ခြေစွမ်းကို ပြနိုင်ခဲ့ပါတယ်။ အသက်အရွယ်က ကိန်းဂဏန်းတစ်ခုပဲ ဖြစ်ပြီး သူအနေနဲ့ အနာဂတ်မှာ ပိုပြီးကောင်းလာဖို့ရှိနေပါတယ်။ သူအနေနဲ့ ပွဲကစားခွင့်ပိုများပြီး ကစားရမှ ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ” လို့ Daily Mirror ကို ပြောခဲ့ပါတယ်။ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဂရင်းဝုဒ်ကို မာရှယ်လ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့တွဲပြီး တိုက်စစ်မှူး ၃ယောက်ထားတဲ့ကစားကွက်ကို အသုံးပြုနေတာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဆက်စပ်တဲ့အခြားသတင်းတစ်ပုဒ်မှာတော့ အသင်းအနေနဲ့ နောက်ခံလူ စမောလင်းရဲ့ ပြောင်းရွှေ့ကြေး အတွက် ပေါင်သန်း ၂၀ လောက်အလိုရှိနေတယ်လို့ သိရပါတယ်။ အဌားချထားခဲ့တဲ့ စမောလင်းဟာ ရိုးမားမှာခြေစွမ်းပြ နိုင်တာကြောင့် ရိုးမားအပါအဝင် စီးရီးအေထိပ်သီးအသင်းကြီးတွေက သူကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြဖြစ်ပါတယ်။ ရိုးမားအသင်းဘက်က ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ယူနိုက်တက်ဘက်ပယ်ချခဲ့တယ်လို့ သိရပါတယ်။