နယ်သာလန်လက်ရွေးစင်ကစားသမား ပရိုမက်စ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့ ရှိနေပြီး နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား သစ်တွေခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ အာတီတာအနေနဲ့ အေဂျက် တောင်ပံကစားသမား ပရိုမက်စ်ကို ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ခြေစွမ်းပြနေတဲ့ ပရိုမက်စ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေခဲ့တာပဲ ဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြမှုမှာတော့ အာဆင်နယ်ဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရပြီးနောက်မှာ နယ်သာလန်လက်ရွေးစင်ဖြစ်တဲ့ ပရိုမက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ် ပါတယ်။ ပရိုမက်စ်ဟာ ကိုဗစ်ကြောင့် နယ်သာလန်လိဂ်ပြိုင်ပွဲတွေကို မရပ်နားခင်မှာ ဒီရာသီအေဂျက်အသင်းအတွက် ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲကစားပေးထားတဲ့ ပရိုမက်စ်ကို ပရိသတ်အများစုသတိထားမိခဲ့တဲ့ပွဲက ပြီး ခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ပရိုမက်စ်အနေနဲ့ လူစားဝင် ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး နယ်သာလန်အတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့နိုင် တာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက လီဗာပူးအသင်းအနေနဲ့ ပရိုမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့တယ်လို့သိရပြီး ပရိုမက်စ်လို ကစား သမားမျိုးကို သူအနေနဲ့ သဘောကျကြောင်း နည်းပြကလော့ပ်က ဝန်ခံပြောခဲ့ဖူးပါတယ်။ လက်ရှိမှာပရိုမက်စ်အနေနဲ့လည်း ပရီးမီးယားလိဂ်ကစားချင်တယ်ဆိုတဲ့ အကြောင်းပြောခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ပရိုမက်စ်ကို ခေါ်ယူနိုင်ဖို့အခွင့်အ ရေးများနေတာပဲ ဖြစ်ပါတယ်။