နောက်နှစ် တိုကျိုအိုလံပစ်မှာ ဆာလာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေတဲ့ အီဂျစ်အသင်း

အီဂျစ်အသင်းဟာ နောက်နှစ်မှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ ပါဝင်ကစားမယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။နောက်နွေရာသီအထိ ပြန်လည်ရွှေ့ဆိုင်းခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကြောင့် ဆာလာအနေနဲ့ ပါဝင်ကစားမယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီအစကို လွဲချော်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အသက် ၂၃ နှစ် နဲ့ အထက် ကစားသမား (၃) ယောက်အထိ ရွေးချယ်ခွင့်ရလို့ အီဂျစ် အိုလံပစ်အသင်းနည်းပြ Shawky Gharib က ဆာလာကို နောက်နှစ်မှာ ပါဝင်စေချင်နေပါတယ်။

“ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့်လူစာရင်းမှာ ဆာလာ ကို ပါဝင်စေချင်ပါတယ်။ အီဂျစ်က ကစားသမားတွေအားလုံးက အိုလံပစ်မှာ ပါဝင်ကစားရတာ ဂုဏ်ယူစရာဖြစ်ပေမယ့် ကျွန်တော်တို့အတွက်တော့ ဆာလာကို လိုချင်ပါတယ်။

ဒါကြောင့် သူဟာ ကျွန်တော်တို့ နဲ့ ရှိနေမှာပါ။ အဲ့ဒီအတွက် လီဗာပူးလ်အသင်းက ခွင့်ပြုပေးဖို့ ကျွန်တော် အင်္ဂလန်ကို သွားရဖွယ်ရှိနေပါတယ်။ ကျွန်တော် အီဂျစ် လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ်နဲ့ တာဝန်ထမ်းဆောင်တုန်းက ဂျာမနီကို သွားပြီး နည်းပြ ယာဂင်ကလော့ပ် နဲ့ တွေ့ဆုံးပြီး Mohamed Zidan ကို ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး သူကလည်း လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆာလာကို အသုံးပြုဖို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကနေ ကိုင်တွယ်သွားမှာဖြစ်ပါတယ်” လို့ သူက The Sun ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ၂၀၂၂ ဇန်နဝါရီမှာ ကစားမယ့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာလည်း အီဂျစ်လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးရဖွယ်ရှိနေလို့ လီဗာပူးလ်အသင်းအတွက် ဗျာများရဖွယ်ရှိနေပါတယ်။ အီဂျစ်အိုလံပစ်အသင်းဟာ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား ထရက်ဇီဂေးကိုလည်း ခေါ်ယူရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။