ယူနိုက်တက်နဲ့ အပြိုင် ဂရီလစ်ရှ်ကို ခေါ်ဖို့ အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်လာတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်နေတဲ့ တောင်ပံကစားသမား ဆာနေးရဲ့ နေရာမှာအစားထိုးဖို့အတွက် ယူနိုက်တက်အသင်းက ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ အက်စ်တွန်ဗီလာကစား သမား ဂရီလစ်ရှ် ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ် နှစ်သာကျန်တော့တဲ့ ဆာနေးကို ဘိုင်ယန်မြူးနစ်က ပေါင် ၃၅ သန်းခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အက်စ်တွန်ဗီလာအသင်းခေါင်းဆောင် ဂရီလစ်ရှ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေက ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေဖြစ်တဲ့ စပါး၊ယူနိုက်တက်တို့ ဖြစ်ပြီး အခုချိန်မှာ မန်စီးတီးလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာ ဟာ လက်ရှိအမှတ်ပေးဇယား အဆင့်-၁၉ နေရာမှာ ရောက်ရှိနေတာကြောင့် ရာသီအကုန်မှာ တန်းဆင်းခဲ့ရမယ်ဆိုရင် ဂရီ လစ်ရှ်ကို ဆက်ထိန်းထားနိုင်ဖို့ မလွယ်တော့တဲ့အနေအထားမှာ ရှိနေပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ကစားသမားဘဝကအနားယူတော့မယ့် အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားနဲ့ ဆာနေးတို့ရဲ့ နေရာတွေကို အစားထိုးဖို့အတွက် ကွင်းလယ်ကစားသမားတွေကိုခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပြီး ဂရီ လစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အသင်းကိုပြောင်းလဲမှုပြုလုပ် ဖို့ ရှိနေတာကြောင့် ဂရီလစ်ရှ်ကို ကာလရှည်စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

အခြားဆက်စပ်သတင်းတစ်ခုမှာတော့ မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘာလီကိုလည်း လီဗာပူးအသင်းနဲ့ အပြိုင် ခေါ်ယူဖို့ ပြုလုပ်နေတယ်လို့သိရပါတယ်။ ဂွါဒီယိုလာက “ ကူလီဘာလီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းကြီး တွေ အများကြီးရှိပါတယ်။ အသက် ၃၀ အရွယ်လောက်ရှိနေတဲ့ ကူလီဘာလီရဲ့ ပြောင်းရွှေ့ကြေးကလည်း များပါတယ်။” လို့ ပြောခဲ့ပါတယ်။