မာရှယ်လ်အနေနဲ့ အသင်းက မထွက်ဘဲ အိုင်ဟာလို ဆီကနေ သင်ယူသင့်တယ်လို့ ပြောခဲ့တဲ့ ဆိုးလ်ရှား

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူးမာရှယ်လ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ထက် အသင်းမှာဆက်နေပြီး ဝါရင့်တိုက်စစ်မှူး အိုင်ဟာလိုဆီက လေ့လာသင်ယူမှုတွေပြုလုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ မာရှယ်လ်က ပုံမှန်ပွဲထွက် ခွင့်ရဖို့ အတွက် ရုန်းကန်နေရပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ ကျောနံပါတ်-၉ အင်္ကျီနေရာအတွက် ကစားနေရသူ ဖြစ် ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အိုင်ဟာလို ဟာ နိုင်ဂျီးရီးယား၊နော်ဝေ၊အီတလီ၊စပိန်၊အင်္ဂလန်နဲ့ တရုတ်နိုင်ငံတွေမှာ ကစားခဲ့ ဖူးသူတာကြောင့် သူရဲ့အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးပြုရမယ်လို့ ဆိုးလ်ရှားကပြောခဲ့ပါတယ်။ဆိုးလ်ရှားက “ ဒီ ရာသီအသင်းရဲ့ ကျောနံပါတ်-၉ တာဝန်ကို အိုင်ဟာလိုက ယူထားတယ်လို့ ဆိုရမှာပါ။သူရဲ့ ကစားသမားဘဝမှာ ဒီလို နေရာမျိုးမှာပဲ သူကစားခဲ့တာပါ။ မာရှယ်လ်ကတော့ တောင်ပံတွေမှာ ကစားခဲ့ရပါတယ်။ မာရှယ်လ်အနေနဲ့ လေ့ကျင့်ရေး ကွင်းမှာ အိုင်ဟာလိုဆီက သင်ယူမှုတွေ အများကြီးပြုလုပ်ရမှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ်မခေါ်ယူတော့ဘဲ မာရှယ်လ်ကို အထောင်တိုက်စစ်မှူးအဖြစ် ထားပြီး အသုံးပြုဖို့ရှိနေတယ်လို့ သိရပါတယ်။ဆိုးလ်ရှားက “ သူအနေနဲ့ အခုမှ အထောင်တိုက်စစ်မှူးနေရာမှာ ကစားရတာ ဖြစ်တာကြောင့် နေရာယူနိုင်မှုတွေက အဆင်သင့်မဖြစ်သေးပါဘူး။ ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ မလွယ်ပါ ဘူး။ သူကိုအသင်းမှာဆက်ရှိနေစေချင်ပြီး အသင်းရဲ့ ကျောနံပါတ်-၉ ဂျာစီကို ဝတ်ဆင်ကစားစေချင်ပါတယ်” လို့ ပြောခဲ့ပါ တယ်။

မာရှယ်လ်ဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး ရှက်ဖီးယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာဆိုရင် မာရှယ်လ်ဟာ သူရဲ့ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။မာရှယ်လ်ဟာ ဒီရာသီယူနိုက်တက်အသင်းအတွက် လိဂ်ပွဲပေါင်း ၂၅ ပွဲပါဝင်ကစား ပေးခဲ့ပြီး သွင်းဂိုး ၁၄ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။