ပြင်သစ်ထိပ်တန်းကစားသမားတွေက လီဗာပူးအသင်းအတွက် အရမ်းဈေးကြီးပါတယ်-ကလော့ပ်

လီဗာပူးအသင်းဟာ အမ်ဘာပေး နဲ့ ဂရစ်ဇ်မန်းတို့လို ပြင်သစ်ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ မတတ်နိုင်ဘူးလို့ နည်းပြ ဂျာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းရဲ့ ပထမအသင်းလူစာရင်းမှာ ပြင်သစ်ကစားသမား တစ်ယောက်မှာ မပါဝင်ပါဘူး။ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်က ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

ဆာခိုက ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားပြီးကတည်းက ပြင်သစ်ကစားသမားတစ်ယောက်မှ လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကို ရောက်လာခဲ့ခြင်းမရှိပါဘူး။

“အဲ့ဒီအတွက်နဲ့ပတ်သတ်ပြီး အကြောင်းပြချက်မရှိပါဘူး။ ကိုင်လီယမ်ဟာ ပီအက်စ်ဂျီအသင်းအတွက် ကစားနေပါတယ်။ ဂရစ်ဇ်မန်းကလည်း ဘာစီလိုနာကို ရောက်သွားပါပြီ။ ပြင်သစ်လက်ရွေးစင်အသင်း ဘယ်လောက်တောင်ကောင်းလဲဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့လည်း ပြင်သစ်ကစားသမား တစ်ယောက်လောက်တော့ လိုချင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့အတွက် အရမ်းဈေးကြီးပါတယ်”လို့ Canal Football Club ကို ပြောသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်အသင်းမှ ဂျပန်တောင်ပံကစားသမား မီနာမီနို ကို ခေါ်ယူဖို့ သဘောတူညီပြီးနောက် လာမယ့် ဇန်နဝါရီ (၁) ရက်နေ့ အပြောင်းအရွှေ့မှာ အသင်းရဲ့ လူစာရင်းကို ကစားသမားသစ်တစ်ယောက် ပေါင်းထည့်မှာဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် စနေနေ့က ဒိုဟာမှာ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဖလာမင်ဂိုအသင်းကို အချိန်ပိုအထိကစားခဲ့ရပြီး (၁-ဝ) နဲ့ အနိုင်ရရှိခဲ့လို့ နောက်ထပ်ဖလား (၁) လုံး ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

နောက်ထပ်ပြင်ဆင်မှုအဖြစ် လီဗာပူးအသင်းဟာ လက်စတာအသင်းနဲ့ ကင်းပါဝါကွင်းတွင် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲ ကို  ဘောက်ဆင်းဒေးမှာ ကစားသွားရမှာဖြစ်ပါတယ်။