ကလပ်ကမ္ဘာ့ဖလား သူရဲကောင်း ဖာမီနိုကို ချီးကျူးလိုက်တဲ့ အလီဆွန်

လီဗာပူး ဂိုးသမား အလီဆွန်က ကလပ်ကမ္ဘာ့ဖလားပွဲ ဗိုလ်လုပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုရဲ့ အရေးပါပုံကို ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဖာမီနိုဟာ ယခုပြိုင်ပွဲမှာ ဥရောပချန်ပီယံအသင်းအတွက် အနိုင်ရမယ့် ဂိုးများကို (၂) ကြိမ် သွင်းယူပေးခဲ့ပြီး စနေနေ့က အနိုင်ရခဲ့တဲ့ (၁-ဝ) ပွဲမှာလည်း လီဗာပူးအသင်းကို ဖလား ရယူပေးခဲ့သူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ မကြာခဏ ဂိုးပေါက်ပျောက်မှုနဲ့ ပတ်သတ်ပြီးမေးခွန်းများ ထုတ်ခြင်းခံနေရာပါတယ်။ ဖာမီနိုဟာ ယခုနှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် (၆) ဂိုးသွင်းယူပေးခဲ့သော်လည်း အရေးပါတဲ့ ဖန်တီးမှုများ ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဖော် အလီဆွန်က ဖာမီနိုရဲ့ အရေးပါပုံ နဲ့ ပတ်သတ်ပြီး ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ နဲ့ သူလည်း သူဟာ အသင်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို အရမ်းတန်ဖိုးထားပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ကစားသမားတစ်ယောက်လို့ ထင်ပါတယ်။ သူဟာ ဂိုးတွေသာ မသွင်းနိုင်ပေမယ့် ဖန်တီးမှု အများကြီး လုပ်ပေးထားပါတယ်။ သူဟာ အသင်းကို နောက်ကွယ်ကနေ ကူညီပေးနေသူပါ။ သူ့ရဲ့ အကူအညီတွေက အသင်းကို အထောက်အကူဖြစ်စေပါတယ်။

ကျွန်တော်တို့ အရမ်းကို ပျော်နေပါတယ်။ သူဂိုးသွင်းနိုင်လို့ ကျွန်တော်လည်း ပျော်ပါတယ်။ တိုက်စစ်မှူး တစ်ယောက်အတွက်တော့ ဂိုးသွင်းတာဟာ အရေးကြီးပါတယ်။ ဒီဖလားအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဂိုးသမားက ပြောသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပွဲကစားချိန် မိနစ် (၉၀) အထိ ဂိုးမရှိသရေကျခဲ့သော်လည်း အချိန်ပိုရောက် (၉၉) မိနစ်မှာ ဖာမီနိုက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။