မန်စီးတီးအသင်းက ငွေအလုံးအရင်း မြုပ်နှံထားတဲ့အသင်းဖြစ်ပေမယ့် ကျွန်တေ်ာတို့က ရီးရဲလ်မက်ဒရစ်ပါလို့ ကြိမ်းဝါးလိုက်တဲ့ မက်ဒရစ်ဒါရိုက်တာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲပွဲရလဒ်အဖြစ် ခြေစွမ်းကောင်းမွန်တဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပေမယ့် မက်ဒရစ်အသင်းရဲ့ မှတ်တမ်းကောင်းများက အသာယူသွားမယ်လို့ အသင်းဒါရိုက်တာ Emilio Butragueno က ပြောသွားခဲ့ပါတယ်။ မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပီအက်စ်ဂျီအသင်းကို ပထမပေးခဲ့ရပြီး ဒုတိယနေရာကနေ နောက်တစ်ဆင့်တက်ရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ပီအက်စ်ဂျီလိုပင် အတ္တလန္တာအသင်းတစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်က မက်ဒရစ်အသင်းနဲ့ အကြိမ်များစွာ ရင်ဆိုင်ကစားခဲ့ဖူးတဲ့ နည်းပြလည်း ဖြစ်နေပါတယ်။ သို့သော်လည်း Butragueno က စီးတီးအသင်းရဲ့ ငွေကြေးအင်အားက အသင်းကို တောင့်တင်းစေတာဖြစ်ပေမယ့်လည်း မက်ဒရစ်အသင်းက ဒီလိုအဆင့်မျိုးမှာ အတွေ့အကြုံများစွာရှိတဲ့အသင်းဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဒီလိုအဆင့်မျိုးမှာ အသင်းတိုင်းက ခက်ခဲပါတယ်။ စီးတီးအသင်းကလည်း အင်အားရှိတဲ့ ပြိုင်ဘက်အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြင်ဆင်သွားမှာပါ။ သူတို့လည်း ကျွန်တော်တို့ အကောင်းဆုံးရင်ဆိုင်မှာကို မျှော်လင့်နေမှာပါ။ သူတို့က ပိုက်ဆံတွေအများကြီး ရင်းနှီးမြုပ်နှံထားပေမယ့် ကျွန်တော်တို့ဟာ ရီးရဲလ်မက်ဒရစ်ဖြစ်ပြီး အသင်းတိုင်းကို ရင်ဆိုင်ကစားနိုင်တဲ့အနေအထားမှာရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုပွဲမျိုး နဲ့ အကျွမ်းတဝင်ပိုရှိပါတယ်”လို့ သတင်းထောက်များကို သူက ပြောသွားခဲ့ပါတယ်။

ဂွါဒီယိုလာလိုပင် စီးတီးအားကစားဒါရိုက်တာ ဘတ်ဂီရီစတိန်းကလည်း ဘာစီလိုနာအသင်းမှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သူဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အရည်အသွေးကို ကောင်းကောင်းနားလည်သူဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလမှာ ကစားမယ့်ပွဲက ပရီးမီးယားလိဂ် ချန်ပီယံအသင်းအတွက် အခွင့်အရေးဖြစ်တယ်လို့ သူက မြင်ထားပါတယ်။

“ဟုတ်ပါတယ်။ အဲ့ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်မှာပါ။ ရီးရဲလ်မက်ဒရစ်က ဒီပြိုင်ပွဲမှာ ဖလား (၁၃) ကြိမ် ရထားလို့ သူတို့က အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်ချင်ပါတယ်။ ဒါကြောင့် သူတို့ကို အနိုင်ယူမှာပါ။ မက်ဒရစ်ကို သွားပြီး ဘာနေဗျူးလို ကွင်းမျိုးမှာ ကစားရတာ အရမ်းကို ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်တို့ ဘာကို ရင်ဆိုင်ရမလဲဆိုတာ သိပေမယ့် သူတို့လည်း ကျွန်တော်တို့ အကြောင်းနဲ့ ကျွန်တော်တို့ နည်းပြအကြောင်းလည်း သိပါတယ်။ ကျွန်တော်တို့မှာ အနိုင်ရဖို့ အခွင့်အရေးရှိပါတယ်”လို့ သူက BT Sport ကို ပြောသွားခဲ့ပါတယ်။