ဂရင်းဝုဒ်ကို ရွန်းနီ နဲ့ နှိုင်းယှဉ်နေကြတဲ့အပေါ် စိုးရိမ်နေတဲ့ ဆိုးလ်ရှား

မန်ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ မေဆင်ဂရင်းဝုဒ်ကို ဝိန်းရွန်နီနဲ့ နှိုင်းယှဉ်နေကြတဲ့အတွက် စိုးရိမ်နေပါတယ်။ ဆယ်ကျော်သက်တိုက်စစ်မှူးဟာ အေဇက်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ မနေ့ညက ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် ဒုတိယပိုင်း ဂရင်းဝုဒ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ  ဒီဇင်ဘာလ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားပါတယ်။

အက်ရှ်လေယန်းက အဖွင့်ဂိုးသွင်းပြီးနောက် အသက် (၁၈) နှစ်အရွယ်တိုက်စစ်မှူးဟာ (၂) ဂိုးသွင်းယူပေးခဲ့ပြီး မာတာက ပင်နယ်တီကနေ (၁) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးအားလုံးကို ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် (၁၁) မိနစ်အတွင်း သွင်းယူခဲ့တာဖြစ်ပြီး ဆိုးလ်ရှားရဲ့ကစားသမားတွေဟာ တနလာၤနေ့ ရှုံးထွက်အဆင့် မဲခွဲပွဲကို ထွက်လာမယ့် ရလဒ်ကို လိုအပ်နေပြီဖြစ်ပါတယ်။

“သူဟာ မတူညီတဲ့ အဆုံးသတ်သမားဖြစ်ပါတယ်။ ဧရိယာအတွင်းနဲ့ ဧရိယာနားတစ်ဝိုက်မှာ သူဂိုးပေါက်ကို ကန်သွင်းမှာကို မျှော်လင့်လို့ရပါတယ်။ သူဟာ အဆုံးသတ်ပိုင်း တိကျတဲ့ ကစားသမားပါ။ သူဟာ သူ့အတွက် နေရာလွတ်ကို ရှာဖွေကစားရမှာလည်း အရမ်းတော်ပါတယ်” လို့ ဆိုးလ်ရှားက BT Sport ကို ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားကို တစ်ချိန်တုန်းက အိုးထရက်ဖိုဒ့်မှာ ချန်ပီယံလိဂ် ပွဲ ဖီနာဘာချီအသင်းနဲ့ ကစားစဉ် ဟက်ထရစ်သွင်းယူခဲ့တဲ့ ရွန်နီ အသက် (၁၈) နှစ်အရွယ်တုန်းက ဖြစ်ရပ်ကို အမှတ်ရသလားလို့ နှိုင်းယှဉ်မေးမြန်းခဲ့ပါတယ်။

“မဟုတ်ပါဘူး။ သူဟာ မတူညီတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ရွန်နီးက တစ်ချိန်ကပါ မေဆန်က အခုကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဒီညမှာ ပျော်နေမှာပါ။ မေဆန်အတွက် လုပ်ရမယ့်အရာကတော့ တနင်္ဂနွေအတွက် ကြိုပြီးပြင်ဆင်ထားဖို့ပါပဲ။ သူဟာ ဒီနေရာမှာပဲ ရပ်တန့်သွားမှာမဟုတ်ပါဘူး”

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ကို (၂-၁) ရလဒ်တွေနဲ့ တောက်လျှောက်အနိုင်ရခဲ့တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။