ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကို လှမ်းပြီး ချီးကျူးလိုက်တဲ့ လမ်းပတ်

လူတိုင်းက သတိထားမိနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပြီး အင်္ဂလန် အသင်းမှာ ပါဝင်နိုင်ဖို့ အချိန်ပဲ လိုအပ်ပါတယ် …..
ချဲလ်ဆီး အသင်း နည်းပြ လမ်းပတ်က အက်စတွန် ဗီလာအသင်းရဲ့ တိုက်စစ် ကစားသမား ဂရီလစ်ရှ်ကို ချီးကျူး စကား ပြောကြားခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ အချိန်ပဲ လိုတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ အက်စတွန်ဗီလာအသင်း တန်းမဆင်းခင်တည်းက အသင်းမှာ ရှိနေခဲ့ပြီး လက်ရှိ အချိန် အထိ အသင်း အတွက် သစ္စာရှိရှိ ကစားပေးနေတဲ့ ကစားသမားတစ်ဦးပါ။

ဂရီလစ်ရှ်ဟာ ဒီရာသီ အက်စတွန်ဗီလာအသင်းအတွက် ကစားပေးထားတဲ့ နောက်ဆုံး (၈) ပွဲမှာ (၄) ဂိုးသွင်း၊ (၃) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဒီညမှာ ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်မှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ လမ်းပတ်က အခုလိုပဲ ဂရီလစ်ရှ်ကို ချီးကျူးလိုက်တာပါ။

ဂရီလစ်ရှ် တစ်ယောက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရနိုင်လားဆိုတဲ့ မေးခွန်းအပေါ် လမ်းပတ်က “သူ အကောင်းဆုံး ရှေ့ဆက်နေပါတယ်။ သူ့ကို လူတိုင်းက သတိထားမိနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပြီး အင်္ဂလန် အသင်းမှာ ပါဝင်နိုင်ဖို့ အချိန်ပဲ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်ဂိတ် (အင်္ဂလန် လက်ရွေးစင် နည်းပြ) ကို ဘာမှ သွားပြောမှာ မဟုတ်ပါဘူး။”

“သူလည်း အကောင်းဆုံး စွမ်းဆောင်ပြနေတာပါ။ ဂရီလစ်ရှ်က ကျွန်တော်တို့အတွက် အန္တရာယ်များတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားသမားကောင်း တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ သူ့ကို ပြိုင်ဘက်အနေနဲ့ မရင်ဆိုင်ရတဲ့ အချိန်မှာ သူကစားတာကို စောင့်ကြည့်ရတာ ကျေနပ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးနဲ့အတူ သူ့ရဲ့ လှုပ်ရှားပုံတွေက အရမ်း ကောင်းမွန်ပြီး တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကလည်း အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ် လွတ်မြောက်ပါက အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး လမ်းပတ်ရဲ့ ဒီပြောစကားတွေက ဂရီလစ်ရှ်ကို ခေါ်ယူဖို့ ရှေ့ပြေးတပ်တွေလားလို့ စဉ်းစားစရာ ရှိနေပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344