(၂) လအတွင်း မန်စီးတီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ လာပေါ်တေး

ဒဏ်ရာ ရရှိနေတဲ့ မန်စီးတီးအသင်းနောက်ခံလူ လာပေါ်တေးက မန်စီးတီးအသင်းကြီးထံတွင် ပြန်လည်ကစားနိုင်ဖို့ (၂) လပစ်မှတ်ထားနေတပါတယ်။ ပြင်သစ်ဗဟိုနောက်ခံလူဟာ သြဂုတ်လအကုန်က ဘရိုက်တန်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။ လာပေါ်တေးဟာ အက်သလက်တစ်ဘီဘာအို အသင်းကနေ မန်စီးတီးအသင်းထံသို့ ၂၀၁၈ ဇန်နဝါရီလက ရောက်ရှိလာသူဖြစ်ပြီး ဘယ်အချိန်ပြန်လည်ကစားနိုင်မလဲဆိုတာ မသိရှိရသေးပါဘူး။

“ကျွန်တော်ပြန်လည်ကစားနိုင်ဖို့ က အခြေအနေတွေကောင်းနေပါတယ်။ ကျွန်တော့်အနေနဲ့ အချိန်လိုအပ်သေးပေမယ့် ဖြစ်နိုင်သမျှ မြန်မြန် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်နေပြီး အသင်းဖော်တွေနဲ့ အမြန်ကစားချင်နေပါတယ်။ ဘယ်အချိန်လဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အနည်းနဲ့ အများကတော့ တစ်လကနေ တစ်လခွဲ၊ ၂ လလောက်ပဲ ကြာမယ်လို့ ထင်ပါတယ်” လို့ လာပေါ်တေးက ပြောသွားခဲ့ပါတယ်။

စီးတီးအသင်းဟာ အသင်းကနေ အသင်းခေါင်းဆောင်ဟောင်း ကွန်ပီနီကိုလည်း ရာသီအကုန်က ထွက်ခွာစေခဲ့ပြီး ယခုအခါ လာပေါ်တေးကလည်း ဒဏ်ရာ ရရှိခဲ့သော်လည်း ဗဟိုနောက်ခံလူတစ်ယောက်ခေါ်ဖို့ မလုပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူမပါဝင်တဲ့အတွက် ဂွါဒီယိုလာရဲ့ ချန်ပီယံကာကွယ်နေတဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ (၁၁) မှတ်အကွာကို ရောက်နေရပြီဖြစ်ပါတယ်။

သို့သော်လည်း လာပေါ်တေးက မန်စီးတီးအသင်းဟာ လီဗာပူးအသင်းကို မနှစ်ကလိုပဲ ပြန်လည်ကျော်တက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ စီးတီးအသင်း အမှတ်ပေးဖလားကို ရနိုင်ပါသေးတယ်။ မနှစ်ကလိုမျိုး အခြေအနေတွေ တူနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပြန်လိုက်နိုင်ဖို့ လိုပြီး ပရီးမီးယားလိဂ်ဖလားရဖို့ ကြိုးစားရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ အဲ့လိုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အလုပ်အများကြီး လုပ်ဖို့နဲ့ ပွဲတွေအများကြီး မရှုံးဖို့ လည်း လိုပါတယ်” လို့ လာပေါ်တေးက ထပ်မံ ပြောကြားသွားပါတယ်။