စပါးနဲ့ပွဲမှာ ပေါ့ဂ်ဘာ နဲ့ တွမ်မီနေး နှစ်ယောက်ထဲက တစ်ယောက်လောက် ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ ဆိုးလ်ရှား

မန်ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ကစားမယ့်ပွဲမှာ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာ ဒါမှမဟုတ် တွမ်မီနေးတို့ (၂) ယောက်ထဲက တစ်ယောက်လောက် ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ကို မျှော်လင့်နေပါတယ်။ ပေါ့ဂ်ဘာနဲ့ တွမ်မီနေးတို့ဟာ တနင်္ဂနွေနေ့က အိုးထရက်ဖိုဒ့်တွင် အက်စတန်ဗီလာအသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

ယူနိုက်တက်ကြယ်ပွင့်ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက ကစားနိုင်ခြင်းမရှိပဲ တွမ်မီနေးကတော့ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုဟာ ပေါ့ဂ်ဘာနဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက အထုတ်ခံခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင် ယူနိုက်တက်အသင်းကို သူ့ရဲ့ စပါးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဆိုးလ်ရှားက သူ့ကွင်းလယ်ကစားသမားတွေရဲ့ အနေအထားကို ပြောသွားခဲ့ပါတယ်။

ကျွန်တော်တို့မှာ (၂) ရက်လောက်အချိန်ရသေးပြီး ဒီမှာရှိတဲ့သူတွေအားလုံး အခြေအနေကောင်းလားဆိုတာကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ (၂) ရက်ပဲ ကျန်တော့တာပါ။ ဒါကြောင့် ကြည့်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ (၂) ယောက်ထဲက တစ်ယောက်ကို ပြန်လည်ရရှိနိုင်ပါတယ်။ သူတို့ဟာ နောက်ကွယ်မှာ ပြင်းပြင်းထန်ထန် ပြန်လည်လေ့ကျင့်နေပါတယ်” လို့ ဆိုးလ်ရှားက ပေါ့ဂ်ဘာနဲ့ တွမ်မီနေးတို့အကြောင်းကို သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယခုလက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၉) နေရာတွင် ရပ်တည်နေပြီး အဆင့် (၅) နေရာက စပါးအသင်းနဲ့ (၂) မှတ်ကွာနေပါတယ်။ စပါးအသင်းဟာ ပိုချက်တီနို နေရာကို မော်ရင်ဟို အစားဝင်ရောက်ပြီးကတည်းက ပရီးမီးယားလိဂ်ပွဲများကို ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။