အာဆင်နယ်အသင်း အာတီတာကို မျက်စိကျနေတာ တစ်ကယ်ကို ဂုဏ်ယူစရာလို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းဟာ သူ့ရဲ့ လက်ထောက်နည်းပြ အာတီတာကို စိတ်ဝင်စားနေတာနဲ့ပတ်သတ်ပြီး အားပေးထောက်ခံသွားခဲ့ပါတယ်။ အာတီတာဟာ မြောက်လန်ဒန်ကလပ်အသင်းမှာ ၂၀၁၆ ခုနှစ်က ကစားသမားဘဝကုန်ဆုံးခဲ့သူဖြစ်ပြီး ဂွါဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင် ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဂန်းနားတို့ဟာ ယူရိုပါလိဂ်တွင် ဖရန့်ဖတ်အသင်းကို အိမ်ကွင်းမှာ (၂-၁) ရလဒ်နဲ့ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အူနိုင်းအမ်မရီကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေပါတယ်။ အာဆင်နယ်အသင်းဟာ (၇) ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ အာတီတာဟာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်း  ဒိုမီနက် တောရန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ပြောင်းသွားပြီးကတည်းက နေရာရလာသူဖြစ်ပြီး လျင်မြန်စွာ အရည်အသွေးတိုးတက်လာသူဖြစ်ပါတယ်။

ဂွါဒီယိုလာက အာတီတာဟာ သူ့ရဲ့ အနာဂတ် မန်စီးတီးနည်းပြ ဖြစ်လာဖွယ်ရှိတယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။ “ကျွန်တော့်ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အားလုံး ကို ကျွန်တော်ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပါတယ်။ သူတို့ လုပ်ချင်တာကို လွတ်လပ်စွာ လုပ်နိုင်ပါတယ်။ ကစားသမားတွေ မကစားရလို့ မပျော်တာကို မလိုချင်ပါဘူး။ သူတို့ကို ဆက်နေစေချင်ပါတယ်။ မိုက်ကယ်နဲ့ ကိစ္စကတော့ ဆက်ဆံရေးပါပဲ။ ဒါက ပရော်ဖက်ရှင်နယ်ထက် ပိုတဲ့အရာဖြစ်ပါတယ်။ သူဟာ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး သူ့အတွက် အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။

ကျွန်တော်ကတော့ အားလုံးကို ဒီရာသီမှာလည်း အတူတူရှိစေချင်ပါတယ်။ နောက်ရာသီလည်း အတူတူရှိစေချင်ပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာမလဲ   ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါမှမဟုတ် သူ့အတွက် ဘာကအကောင်းဆုံးလဲဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် မနက်ဖြန်တော့ နယူးကာဆယ်နဲ့ ကစားရပါမယ်”လို့ ဂွါဒီယိုလာက စနေနေ့ ကစားမယ့် နယူးကာဆယ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။